ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ် ကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူကို ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် စပါးအသင်းကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ဒ်ချ်မှာ ဧည့်ခံကစားခဲ့ရာ အသင်းရဲ့ ကြယ်ပွင့် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက်ရဲ့ သွင်းဂိုး ၊ စပါးအသင်း နောက်ခံလူ ဒေးဗီးရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုတို့ကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ အင်တာဗျူး တခုကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပြဿနာ တက်ခဲ့ကာ အကျေအလည် ဆွေးနွေးခဲ့ရတဲ့ အဆင့်အထိ ရောက်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူက ပွဲထွက် စာရင်းမှာ ပြန်လည် ပါဝင်လာခဲ့သလို အသင်းရဲ့ တိုက်စစ်ပိုင်းကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အင်တာမီလန်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သတ်ပြီး မပျော်ရွှင်ကြောင်းနဲ့ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ အင်တာဗျူး တခုမှာ ပြောကြားခဲ့သူပါ။

Photo Credit: Express

အဆိုပါ အင်တာဗျူး ဖြေဆိုမှုကြောင့်ပဲ ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေက လူကာကူကို ဒဏ်ရိုက်မှုတွေ ပြုလုပ်ခဲ့ကြပြီး ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူဟယ်ကတော့ သူ့ရဲ့အမှား အတွက် အသင်းမှာ ရှိတဲ့ လူတွေ အားလုံးကို တောင်းပန်ခဲ့သလို စပါးအသင်းနဲ့ ပွဲစဉ်မှာလည်း အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကစားနိုင်ခဲ့တဲ့ လူကာကူကို ပရော်ဖက်ရှင်နယ် ဆန်လွန်းတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။

တူဟယ်က – “လူကာကူရဲ့ ကစားပုံက အတော်လေးကို ကောင်းခဲ့ပါတယ်။ ဒီအတွက်လည်း ပျော်ရွှင်မိပါတယ်။ ကျွန်တော်ကတော့ သူဟာ ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဖိအားဒဏ်တွေ မခံစားနေရဘူး လို့ ထင်ပါတယ်။ သူက နေ့တိုင်း အကောင်းဆုံး ကြိုးစားနေတာကို မြင်တွေ့ရတယ်။ ပြီးတော့ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်အေးလက်အေး ရှိပါတယ်။ ရိုမီလုက ဖိအားတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာဆိုရင် သူက အသင်းရဲ့ ခံစစ်ပိုင်း အတွက် အကောင်းဆုံး ကူညီနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။