ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက်အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချထားတဲ့ အသင်းတသင်း ဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ မအောင်မြင်တာကြောင့် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ လူကာကူကို ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလား ပြန်လည် ရရှိအောင် ဦးဆောင် ကြိုးပမ်းပေးခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူပါ။

ဒါကြောင့်ပဲ အင်တာမီလန်အသင်းဟာ အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူးဖြစ်သူ လူကာကူကို ရောင်းချဖို့ တွေဝေနေတာ ဖြစ်ပြီး ချယ်လ်ဆီးအသင်း ကတော့ လူကာကူအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း + အပိုဆုကြေး ၅သန်း ဆိုတဲ့ တန်ကြေးမြင့် ကမ်းလှမ်းမှု တခုကို လာမယ့် ရက်ပိုင်း အတွင်းမှာပဲ ပြုလုပ်ဖွယ် ရှိပါတယ်။

Photo Credit: Express

အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုကလည်း လူကာကူဟာ ချယ်လ်ဆီးအသင်းထံ ပြန်လည် ပြောင်းရွှေ့ ကစားဖို့ သဘောတူခဲ့ကြောင်း ဆိုထားကြတာကြောင့် လူကာကူဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ အသင်းဟောင်း ချယ်လ်ဆီးထံ ပြန်လည် ပြောင်းရွှေ့ဖို့ အလားအလာ များနေပါတယ်။

ဒါကြောင့်ပဲ စပါးအသင်းနဲ့ ခြေစမ်းပွဲမှာ သတင်းထောက် တချို့က လူကာကူရဲ့အကြောင်းကို တူချယ်အား မေးမြန်းခဲ့ကြတာ ဖြစ်ပြီး တူချယ်ကတော့ လူကာကူဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း ပြောခဲ့ပေမယ့် လူကာကူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး တစုံတရာ ထုတ်ဖော် ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

လူကာကူနဲ့ ပတ်သတ်ပြီး တူချယ်က – “ကျွန်တော့်ရဲ့ အသင်းမှာ မကစားတဲ့ ကစားသမား တဦးရဲ့ အကြောင်းကို မပြောချင်ပါဘူး။ လူကာကူက ထိပ်တန်း ကစားသမား တဦးပါ။ ဒါပေမယ့် သူက အခုထိ အင်တာမီလန်အသင်းရဲ့ ကစားသမား ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် အခုချိန်မှာ သူ့ရဲ့ အကြောင်းကို ကျွန်တော့်ဘက်က မပြောချင်သေးပါဘူး” လို့ ပြောကြားခဲ့တာပါ။