ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်၂၀ အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၁စီ သရေကျခဲ့တာက ကွင်းလယ်ဒိုင် မိုက်ဒင်းရဲ့ ပင်နယ်တီ ပေးရန် ပျက်ကွက်မှုကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်၂၀ အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ပွဲအစ ၂၈မိနစ်မှာပဲ အဓိက တိုက်စစ်မှူး လူကာကူရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဘရိုက်တန် တိုက်စစ်မှူး ဝဲလ်ဘက်ရဲ့ နောက်ကျ ချေပဂိုးကြောင့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့ အတူ သရေတမှတ်သာ ရရှိခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း အနေနဲ့ ဘရိုက်တန်အသင်းကို များစွာ ဖိအားပေး ကစားနိုင်ခဲ့ခြင်း မရှိပေမယ့် ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေ အများအပြား ရခဲ့ပြီး တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် မသေချာမှု ၊ ဆုံးဖြတ်ချက် မှားယွင်းမှုတို့ကြောင့်သာ ဦးဆောင်ဂိုးတွေ ထပ်မံ ရရှိခဲ့ခြင်း မရှိပဲ နောက်ကျ ချေပဂိုးကြောင့် ရမှတ် ခွဲဝေယူခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူဟယ်ကတော့ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်အပြီးမှာ သူတို့အသင်းရဲ့ ဒဏ်ရာရ ကစားသမား များပြားနေမှုက ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစားရာမှာ အခက်အခဲ တခု ဖြစ်စေကြောင်း ပြောကြားခဲ့သလို သူတို့အသင်း ရသင့်တဲ့ ပင်နယ်တီကို ကွင်းလယ်ဒိုင် မိုက်ဒင်းက မျက်ကွယ်ပြခဲ့တာကြောင့်လည်း ဦးဆောင်ဂိုး တဂိုး ထပ်မရခဲ့တာပါလို့ ဆင်ခြေပေးသွားခဲ့ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီး ၁-၁ ဘရိုက်တန် ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ပင်နယ်တီ ရရှိဖို့ နီးစပ်ခဲ့တဲ့ ဖြစ်ရပ် ကတော့ ပွဲကစားချိန် ၄၉မိနစ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်က ဘရိုက်တန်ရဲ့ ဂိုးဧရိယာထဲမှာ တဖက် ခံစစ်မှူး ဗက်မန်းရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင် မိုက်ဒင်းနဲ့ VARအဖွဲ့က ချယ်လ်ဆီးအသင်းကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

တူဟယ်က – “ဒီပွဲရဲ့ ရလဒ်က ကျွန်တော်တို့ အတွက် အတော်လေးကို စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က အနိုင်ရလဒ် ရရှိဖို့ အရာအားလုံး ပေးဆပ် ကစားခဲ့သလို ပွဲကို အနိုင်ယူနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒီပွဲက အတော်လေးကို ကြံ့ခိုင်မှုပိုင်း ပြိုင်ဆိုင်ခဲ့ရတဲ့ ပွဲတပွဲပါ။ ကျွန်တော်တို့ရဲ့ ကစားသမား နှစ်ယောက် ဒဏ်ရာရသွားတာကြောင့် လူစားလဲမှု ၂ခုကို ခပ်စောစာပဲ လုပ်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်က မောပန်းနေတဲ့ ကစားသမား တချို့ကို အနားမပေးခဲ့ရပါဘူး။ ကစားသမားတွေ အားလုံးက အတော်လေးကို မောပန်းနေကြပါတယ်။ ပြီးတော့ ကွင်းလယ်ဒိုင်ကလည်း လုံးဝကို ရှင်းလင်းတဲ့ ပင်နယ်တီ တခု ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က အတော်လေးကို လွဲမှားတဲ့ ဆုံးဖြတ်ချက် တခုပါ။ ပင်နယ်တီသာ ပေးခဲ့ရင် ကျွန်တော်တို့က ပွဲကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ဖို့ အခွင့်အရေး ရခဲ့မှာ ဖြစ်ပေမယ့် သူတို့က ဒီဖြစ်ရပ်ကို ပြန်တောင် မကြည့်ခဲ့ပါဘူး” လို့ ကွင်းလယ်ဒိုင် မိုက်ဒင်းရဲ့ ပင်နယ်တီပေးရန် ပျက်ကွက်မှုကို ဝေဖန်သွားခဲ့တာပါ။