လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ်က အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်မှာ အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ အဓိက အကြောင်းအရင်းဟာ စိတ်ရှည် သည်းခံမှုကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် အုပ်စုH အတွင်းမှာ ဂျူဗင်တပ်အသင်း ၊ ဇင်းနစ်အသင်း ၊ မယ်လ်မိုအသင်းတို့နဲ့ ကျရောက်နေပြီး အုပ်စု ပထမနေရာကို ဂျူဗင်တပ်အသင်းနဲ့ ကစားရတဲ့ ဒုတိယအကျော့မှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ကာ ယနေ့မနက် အစောပိုင်းမှာတော့ လိုချင်တဲ့ ရလဒ်ကို ရအောင် ယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ သူတို့အသင်းက ဘာကြောင့် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေရလဲ ဆိုတာကို သက်သေပြသွားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်းထက် အစစ အရာရာမှာ အသာရခဲ့ပြီး ချယ်လ်ဆီးအသင်း အတွက် သွင်းဂိုးတွေကိုတော့ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေ ဖြစ်တဲ့ ချာလိုဘက် ၊ ရစ်စီဂျိမ်းစ် ၊ အိုဒွိုင်းတို့နဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ တီမိုဗာနာတို့က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

 

ဂျူဗင်တပ်အသင်းကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်က သူ့ရဲ့ ကစားသမားတွေဟာ နည်းပြအဖွဲ့က ချမှတ်ပေးထားတဲ့ နည်းစနစ် အတိုင်း ကစားနိုင်ခဲ့ကြကြောင်း ချီးကျူးသွားခဲ့ပြီး ဂျူဗင်တပ်အသင်းကို အနိုင်ယူဖို့ အတွက် သူ ပြင်ဆင်ခဲ့တဲ့ လျို့ဝှက်ချက်ဟာ စိတ်ရှည် သည်းခံနိုင်စွမ်း ဖြစ်ကြောင်းလည်း ဖွင့်ဟ ပြောပြခဲ့ပါတယ်။

တူချယ်က – “ကျွန်တော်တို့က ဒီပွဲမှာ စိတ်ရှည် သည်းခံဖို့ ပြင်ဆင်ခဲ့ကြရပါတယ်။ ဒါပေမယ့် တဖက်မှာ ကစားပုံ မပျောက်သွားအောင်လည်း ဂရုစိုက်ခဲ့ရပါတယ်။ စိတ်ရှည်ရှည်နဲ့ ကစားပြီး ပွဲရဲ့ အရှိန်အဟုန်ကို ဖြေးဖြေးချင်း မြှင့်တင်ရတာက တကယ်ကို ကြီးမားတဲ့ စိန်ခေါ်မှု တခုပါ။ ကျွန်တော့် ကစားသမားတွေက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ဂျူဗင်တပ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ သွင်းဂိုးတွေ အများကြီး သွင်းယူဖို့ ခက်ခဲသလို ဂိုးသွင်းခွင့် ရဖို့လည်း ရုန်းကန်ရတတ်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့က ဂိုးသွင်းခွင့် အမြောက်အမြားကို ဖန်တီးနိုင်ခဲ့သလို သွင်းဂိုးတွေလည်း အများကြီး သွင်းနိုင်ခဲ့ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့တာပါ။