ချယ်လ်ဆီးအသင်းရဲ့နည်းပြ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်ကိုမှ ချမှတ်ရခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဂျရူးဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိတော့တာဖြစ်ပေမယ့် တူဟယ်လ်က သူအနေနဲ့ အသင်းကို ရောက်ရှိလာချိန် ခဏလေးအတွင်းမှာပဲ ဂျရူးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အလျင်အမြန် ဆုံးဖြတ်နိုင်မှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အိုလီဗာဂျရူးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းဘက်က သူရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှလုပ်ဆောင်ခြင်း မရှိသေးပဲ ဒီအတိုင်းသာ ထားရှိနေတာဖြစ်ပါတယ်။ ဂျရူးကိုယ်တိုင်ကတော့ ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့် အသင်းဘက်က လာမယ့်နွေမှာ တိုက်စစ်မှူးသစ်တွေပါ ထပ်မံခေါ်ယူဖွယ် ရှိနေတာကြောင့် ဂျရူးရဲ့အနာဂတ်က မရေမရာသာ ဖြစ်နေရပါတယ်။

Photo Credit : Goal

ဂျရူးရဲ့အခြေအနေနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က “ဘာဆုံးဖြတ်ချက်ကိုမှ မချမှတ်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီနေရာကို ရောက်လာတာဟာ (၃)ပတ်ခန့်ပဲ ရှိနေသေးတဲ့အတွက် ဒီလိုဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ အချိန်အနည်းငယ်တော့ လိုအပ်ပါမယ်။ ကျွန်တော်တို့အနေနဲ့ အသင်းကို ပိုမိုပြီးကောင်းမွန်လာအောင် တည်ဆောက်သွားဖို့ အချိန်လိုအပ်သလို အသင်းက ကစားသမားတွေအနေနဲ့ကလည်း သူတို့ရဲ့အရည်အသွေးကို ထုတ်ဖော်ပြသပြီး သူတို့က အသင်းမှာ ပါဝင်ဖို့ ထိုက်တန်ကြောင်းကို ပြသရပါလိမ့်မယ်။ ကျွန်တော်အခု ပြောနိုင်တာက ဘာလဲဆိုတော့ ဒီနေရာကို စရောက်ချိန်ကနေ အခုချိန်အထိ ပျော်ရွှင်နေတယ်ဆိုတာပါပဲ။ ဂျရူးက ဧရိယာထဲမှာ အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ရုပ်ပိုင်းဆိုင်ရာလည်း ကြံခိုင်တယ်။ ဘောလုံးဆွဲပြေးနေရင်လည်း ဘောလုံးထိချက်တွေ ကောင်းတယ်။ ခေါင်းတိုက်တဲ့နေရာမှာလည်း ထူးချွန်တယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ကြိုးစားတယ်။ သူက အခု ကျွန်တော်တို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးပါ။ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာလည်း ပျော်ရွှင်ပါတယ်။ သူရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို သိပ်မကြာခင်မှာပဲ ချမှတ်ပေးသွားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။