ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ တူချယ် ကတော့ သူတို့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ နေမာဟာ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကစားရမယ့် မန်ယူအသင်းနဲ့ ပွဲစဉ် အတွက် အဆင်သင့် ဖြစ်နေပြီ လို့ နိုင်းလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဖွင့်ဟ ပြောကြား သွားပါတယ်။ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ နိုင်းလ်အသင်းကို အဝေးကွင်းမှာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်မှာတော့ နေမာဟာ အသင်းရဲ့ လူစာရင်းမှာ ပါဝင် လာခဲ့ခြင်း မရှိခဲ့ပါဘူး။

Photo Credit: Express

နိုင်းလ်အသင်းနဲ့ ပွဲစဉ်မှာ နေမာ မပါဝင်လာတာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ပရိသတ်တွေက နေမာအတွက် စိုးရိမ်ပူပန် နေကြပေမယ့် တူချယ်ကတော့ နေမာအတွက် စိုးရိမ်စရာ မလိုကြောင်းနဲ့ နေမာဟာ မန်ယူအသင်းနဲ့ ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင် ကစားဖို့အတွက် အနားယူနေတာသာ ဖြစ်ကြောင်း နိုင်းလ်အသင်းနဲ့ ပွဲစဉ် အပြီးမှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး နေမာဟာ လက်ရှိ ဘောလုံးရာသီမှာ အကောင်းဆုံး ပုံစံတစ်ခု ရနေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဘရာဇီးလ်အသင်းနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် ယုံကြည်မှု မြင့်မားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

နေမာဟာ မန်ယူအသင်းနဲ့ ပွဲစဉ်အတွက် အသင့်ဖြစ်နေတဲ့ အကြောင်းကို တူချယ်က “နေမာက ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်က ကိုင်လီယန်(အမ်ဘာပေ)နဲ့ စကားပြောခဲ့သလို သူနဲ့လည်း စကားပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရိုးသားဆုံး စကားပြောဆိုခဲ့ကြပြီး သူ့ကို ဒီနေ့မှာ အနားပေးဖို့ ကျွန်တော်က ဆုံးဖြတ်ခဲ့တာပါ။ သူဟာ မနက်ဖြန်မှာ ကျွန်တော်တို့နဲ့ အတူ ရှိနေတော့မှာပါ။ သူက အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ပြီး မန်ယူအသင်းနဲ့ ပွဲစဉ်အတွက် အသင့်ရှိနေပါလိမ့်မယ်။ မန်ယူအသင်းနဲ့ ပွဲစဉ်မှာ သူက ကျိန်းသေပေါက် ပါဝင် ကစားမှာပါ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။