ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ် ကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ရမှတ် ၁၃မှတ် အထိ ကွာဟနေပေမယ့် ချန်ပီယံဖြစ်ရေး အိမ်မက်ကို လက်မလျှော့သေးဘူး လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ဥရောပ ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူးတို့နဲ့ အပြိုင် ရေပန်းစားခဲ့တဲ့ အသင်းတသင်း ဖြစ်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့သလို ၂ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးတွေကို ပိုင်ဆိုင်ခဲ့ရတာကြောင့် ပွဲစဉ် ၂၂အပြီးမှာပဲ အဆင့်၁နေရာက မန်ချက်စတာ စီးတီးအသင်းနဲ့ ရမှတ် ၁၃မှတ် အထိ ကွာဟသွားခဲ့ပါတယ်။

Photo Credit: Express

ချယ်လ်ဆီးအသင်းဟာ ရာသီအစမှာ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာကို အချိန်အတော်ကြာအောင် သိမ်းပိုက်နိုင်ခဲ့ပေမယ့် အဓိက ကစားသမားတွေ ကိုဗစ်ကူးစက်ခံရတာ ၊ ဒဏ်ရာရတာတွေကြောင့် ဒီဇင်ဘာလမှ စတင်ပြီး ရလဒ်တွေ ယိမ်းယိုင်လာခဲ့တာကြောင့် ယခုလိုမျိုး ချန်ပီယံဖြစ်ဖို့ ခက်ခဲတဲ့ အနေအထား တရပ်ဆီ ရောက်ရှိနေတာပါ။

ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ် ကတော့ သူတို့အသင်းဟာ ချန်ပီယံ ဖြစ်ရေး အိမ်မက်ကို မစွန့်လွှတ်သေးပဲ နောက်ဆုံးအချိန် အထိ ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

တူဟယ်က – “အခုချိန်မှာ ကျွန်တော်တို့က ကိုယ့်ရဲ့ ပြဿနာကို အာရုံစိုက်မိနေတာတွေ လျှော့ဖို့ လိုမယ်လို့ ထင်ပါတယ်။ ပြီးတော့ မန်ချက်စတာ စီးတီးအသင်းက ချန်ပီယံ ဖြစ်ဖို့ အလေးသာတဲ့ အနေအထားဆီ ရောက်နေပြီ ဆိုတာကိုလည်း ဝန်ခံရပါလိမ့်မယ်။ သူတို့က နောက်ဆုံး ကစားခဲ့တဲ့ ၁၂ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့က အခုလိုမျိုး ချန်ပီယံဆု အတွက် အလေးသာတဲ့ နေရာကို ရထားတာပေါ့။ ကျွန်တော်တို့တွေ သူတို့ရဲ့ ခြေစွမ်းကောင်းကို အသိအမှတ် ပြုဖို့ လိုပါတယ်။ ဒုတိယ တခုအနေနဲ့ ပြောရရင် ကျွန်တော်တို့က ချန်ပီယံဖြစ်ရေး အိမ်မက်ကို ဘယ်တော့မှ စွန့်လွှတ်သွားမှာ မဟုတ်ဘူး။ မန်ချက်စတာ စီးတီးအသင်း ချန်ပီယံ အဖြစ် အောင်ပွဲမခံမချင်း ကျွန်တော်တို့တွေ အရှုံးမပေးပဲ ဆက်လက် ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့တာပါ။