ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်က လာမယ့် ဘောလုံးရာသီ အတွက် အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ မန်ချက်စတာ စီးတီးနဲ့ အနာဂတ် မရေရာတဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီးက ပူလီဆစ် ၊ တီမိုဝါနာနဲ့ ဇီရက်ဇ်တို့လို တောင်ပံတိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဇီရက်ဇ်နဲ့ ပူလီဆစ်တို့ဟာ မကြာခဏ ဆိုသလို ဒဏ်ရာရလေ့ ရှိသလို တီမိုဝါနာရဲ့ ခြေစွမ်းပိုင်းကလည်း တည်ငြိမ်မှု မရှိပါဘူး။

Photo Credit: Daily Mail

ဒါကြောင့်ပဲ တူဟယ်လ်က လာမယ့် နွေအပြောင်းအရွှေ့မှာ ပူလီဆစ် ၊ တီမိုဝါနာနဲ့ ဇီရက်ဇ်တို့ သုံးဦးထဲက နှစ်ဦးကို ရောင်းချကာ အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေတာပါ။

အသက် ၂၇နှစ် အရွယ် ရာဟမ် စတာလင်းက မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို မန်ချက်စတာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာတာကြောင့် မန်ချက်စတာ စီးတီးက စတာလင်းကို ရောင်းချဖို့ လမ်းဖွင့်ထားသလို စတာလင်းကလည်း သင့်တော်မယ့် ကမ်းလှမ်းမှု တရပ် ရလာရင် မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ သောမတ် တူဟယ်လ်က တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် ကစားသမားတွေကို ခေါ်ယူဖို့ ရှာဖွေနေပြီး တူဟယ်လ်ရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ စတာလင်းလည်း ပါဝင်နေကြောင်း သိရပါတယ်။

လန်ဒန်မြို့ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနကလည်း တူဟယ်လ်က စတာလင်းကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်မှုတွေ လုပ်နေကြောင်း အတည်ပြုပေးထားပြီး ချယ်လ်ဆီးက မကြာခင်မှာပဲ စတာလင်း အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။