ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ် တူချယ်လ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅)မှာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တာဟာ အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်သူ ဂျော်ဂျင်ဟိုနဲ့ မန်ဒီတို့ရဲ့ အမှားတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ ပွဲကို ဦးဆောင်ခွင့် နှစ်ကြိမ်အထိ ရခဲ့ပေမယ့် ခံစစ်ပိုင်း လျော့ရဲမှုတွေ ရှိနေသလို တဦးချင်း အမှားတွေကြောင့်ပဲ ချေပဂိုးတွေနဲ့ အနိုင်ဂိုး ပြန်လည် ခွင့်ပြုခဲ့ရပြီး ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Express

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာ ကနေ ဆင်းပေးခဲ့ရသလို အဆင့်၁နေရာက မန်ချက်စတာ စီးတီးအသင်းနဲ့လည်း ရမှတ် ၂မှတ်အထိလည်း ကွာဟသွားပါတယ်။

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်း အတွက် အမှားအယွင်း အများဆုံး ဖြစ်ခဲ့တဲ့ ကစားသမား နှစ်ဦး ကတော့ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ ဂိုးသမား မန်ဒီတို့ ဖြစ်ကြပြီး ဂိုးသမား မန်ဒီကတော့ ဝက်စ်ဟမ်းအသင်းရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေမှာ အဓိက တာဝန်ရှိခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Express

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ တူချယ်လ်က ဂျော်ဂျင်ဟိုနဲ့ မန်ဒီတို့ရဲ့ တဦးချင်း အမှားတွေကြောင့် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ကြောင်း ပြောကြားသွားသလို အသင်းရဲ့ နံပါတ်တစ် ဂိုးသမား မန်ဒီ တယောက် ယုံကြည်မှုတွေ ကျဆင်းနေကြောင်းလည်း ဝန်ခံသွားပါတယ်။

တူချယ်လ်က – “ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းက ဆိုးရွားခဲ့တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့က ပွဲကို အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတာက အတော်လေး ခက်ခဲပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ တဦးချင်း အမှားတွေလည်း အများကြီး ကျူးလွန်မိခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲ ၊ ဝက်ဖို့ဒ်နဲ့ပွဲတွေမှာလည်း တဦးချင်း အမှားတွေ များခဲ့လို့ ဂိုးပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဒီလိုမျိုး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်တခုမှာ ရလဒ်ကောင်းတွေ ရချင်ရင် သေးငယ်တဲ့ အမှားတွေကို လျှော့နိုင်ဖို့ လိုပါလိမ့်မယ်။ ဒီကိစ္စကို ပွဲမတိုင်ခင်က ပြောဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပြန်ပါဘူး။ အက်ဒူ(မန်ဒီ)က ခက်ခဲတဲ့ အချိန်ကာလ တခုကို ဖြတ်သန်းနေရပါတယ်။ ဘာကြောင့်လဲ ဆိုတာတော့ မသိပေမယ့် သူ့ကို ကြည့်ရတာ ယုံကြည်မှု ကျဆင်းနေပုံပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။