ယနေ့ ညမှာတော့ ချန်ပီယံလိဂ်ပွဲစဉ် ၅ အဖြစ် ပရီးမီးယားလိဂ် က အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပြင်သစ်ဘီလူကြီး ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းထဲမှာ ယှဉ်ပြိုင်ကစားသွားကြမာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု H မှာ တော့ ပီအက်စ်ဂျီ အသင်းက မန်ယူအသင်းထက် ၃ မှတ်လျော့အနေအထားမှာ ရှိနေပြီး အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေကာ တတိယ နေရာမှာ ရှိနေတဲ့ လိုက်ပ်ဇစ် အသင်းနဲ့ အမှတ်တူ အနေအထားမှာ ရှိနေတာကြောင့် ပီအက်စ်ဂျီ အသင်း အနေနဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ရာ အတွက် သေချာပေါက် မန်ယူအသင်းကို အနိုင်ကန်သွားရဖို့ ရှိနေပါတယ်။

Photo Credit: Express

ပီအက်စ်ဂျီ အသင်း ရဲ့ နည်းပြ ဖြစ်သူ သောမတ်စ်တူချယ် ကတော့ အသင်း ရဲ့ ကစားသမားဟောင်း ဖြစ်သူ ကာဗာနီ အနေနဲ့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင် ကစားရမယ့် ပွဲစဉ်မှာ ဘာမှ သက်သေပြဖို့ မလိုအပ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အက်ဒီဆင် ကာဗာနီ ဟာ ပီအက်စ်ဂျီ အသင်း အတွက် သွင်းဂိုး ၂၀၀ အထိ သွင်းယူပေးခဲ့ပြီးတော့ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ထားသူပါ။ ဒါပေမယ့်လည်း ကာဗာနီ က အောက်တိုဘာလ အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ မန်ယူအသင်းထံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ ကာဗာနီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ အတူ လိဂ် ဖလား ၆ အကြိမ်ထိ ရယူ နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Express

သောမတ်စ် တူချယ် ကတော့ ကာဗာနီ ရဲ့ ခြေစွမ်းပိုင်း နဲ့ ပတ်သက်ပြီး ချီးကျုး စကားဆိုခဲ့သလို ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ကာဗာနီ ရဲ့ ပြဿနာ နဲ့ ပတ်သက်ပြီးလည်း ပြောဆိုသွားခဲ့ပါတယ်။ “ ကျွန်တော် ဆိုရှယ်မီဒီယာပေါ်က comments တွေကို မြင်လိုက်ရတော့ အံ့ဩသွားတယ်။ ဘာလို့လဲဆိုရင် အက်ဒီ (ကာဗာနီ) က အနေအေးတဲ့ သူဆိုတာကို ကျွန်တော် သိလို့ပါ။ သူက အသင်းကို ကူညီချင်စိတ်ရှိတဲ့ သူမျိုးပါ။ သူ့လို အရည်အချင်းမျိုး ရှိတဲ့ တိုက်စစ် ကစားသမားမျိုးက ရှားပါတယ်။ သူက အသင်း အတွက် ဘာမဆို လုပ်ပေးဖို့ အမြဲ အဆင်သင့် ဖြစ်နေသူပါ။ ခင်ဗျား အနေနဲ့ သူ့ကို ညပိုင်းမှာ ခေါ်ရင်တောင် သူက ရောက်လာ တတ်တဲ့ ကစားသမားမျိုးပါ။ သူ ဆောက်တမ်တန် အသင်းနဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ခြေစွမ်းပိုင်းကို သိတာကြောင့် သူမနက်ဖြန်မှာ ကျွန်တော်တို့ကို သက်သေပြဖို့ မလိုအပ်ပါဘူး။ အကယ်၍ သူသာ ကစားမယ်ဆိုရင် ကျွန်တော်တို့ အဲ့ဒါနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ လိုအပ်ပါလိမ့်မယ် ” လို့ ပြောဆို ချီးကျူးခဲ့ပါတယ်။