ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ် ကတော့ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ အင်တာမီလန် ကနေ အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး လူကာကူကို မလှောင်ပြောင်ကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အင်တာမီလန် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: The Sun

လူကာကူဟာ တကျော့ပြန် ချယ်လ်ဆီး ကစားသမား ဘဝ အစမှာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တူဟယ်လ်ရဲ့ နည်းစနစ်ပိုင်း ပြောင်းလဲမှုတွေ ၊ အသင်းဖော်တွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်လာရကာ ပြီးခဲ့တဲ့ အပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပဲလေ့စ် ၀-၁ ချယ်လ်ဆီး ပွဲစဉ်မှာဆိုရင် တပွဲလုံးမှာမှ ဘောလုံးထိချက် ၇ကြိမ်ပဲ ရှိတဲ့ အထိ ခြေစွမ်းဆိုးရွားခဲ့ပါတယ်။

ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကတော့ လူကာကူရဲ့ ခြေစွမ်းပိုင်း ဆိုးဝါးနေမှုနဲ့ ပတ်သတ်ပြီး ဘယ်လို ဖြေရှင်းပေးရမလဲ ဆိုတာ သူ ကိုယ်တိုင်တောင် မသိတော့ပေမယ့် လူကာကူက အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးနေမယ်လို့ ယုံကြည်တာကြောင့် အသင်းရဲ့ ပရိသတ်တွေအနေနဲ့ လူကာကူကို မလှောင်ပြောင်ကြဖို့ ပဲလေ့စ်နဲ့ ပွဲစဉ်အပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

တူဟယ်လ်က – “လူကာကူ တယောက် ဒီထက်ပိုပြီး ခြေစွမ်းပြနိုင်အောင် ကျွန်တော့်ဘက်က ဘာလုပ်ပေးရမလဲ။ ဒါကို ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့တွေ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ အချက်အလက်တွေက မလိမ်ညာပါဘူး။ ဒါကြောင့် သူက ကျွန်တော်တို့ရဲ့ ကစားကွက်နဲ့ အံမဝင်ဘူး ဆိုတာ ထင်ရှားနေပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိစ္စတွေကို ကျွန်တော်တို့ဘက်က မလိုချင်သလို ၊ လူကာကူကလည်း လိုချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအချိန်က လူကာကူကို လှောင်ပြောင်ရမယ့် အချိန် မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။