ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၆)မှာ လိဒ်အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ ကစားပုံအတွက် ကျေနပ်မှု မရှိကြောင်းနဲ့ ကံကောင်းလို့သာ ပွဲကို နိုင်သွားခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) အဖြစ် အိမ်ကွင်း စတမ်းဖို့ဒ်ဘရေ့ချ်မှာ လိဒ်အသင်းကို ဧည့်ခံ ကစားခဲ့ပြီး အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ နောက်ကျ ပင်နယ်တီ သွင်းဂိုးနဲ့ အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အဖိုးတန် ရမှတ် ၃မှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Football London

အဆိုပါနိုင်ပွဲကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၆ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၆မှတ်နဲ့ အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းကို ရမှတ် ၂မှတ် အကွာနဲ့ ထပ်ကြပ်မကွာ ဖိအားပေးထားနိုင်ပါတယ်။

ဒါပေမယ့် လိဒ်အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း အားနည်းမှုကို ဆက်လက် မြင်တွေ့ခဲ့ရကာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ ရာသီအစကလို ကျစ်လျစ်မှု မရှိတော့ဘူးလို့ ဝေဖန် သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ်ကလည်း သူတို့အသင်းရဲ့ ခံစစ်ကြောင်းမှာ လျော့ရဲမှုတွေ ရှိနေကြောင်းနဲ့ ကံကောင်းလို့သာ အနိုင်ရခဲ့တာ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Football London

တူချယ်လ်က – “ကျွန်တော်တို့တွေ ပွဲမပြီးခင် အနိုင်ဂိုး ရနိုင်တဲ့ အခွင့်အရေးမျိုး ရလာလိမ့်မယ်လို့ ယုံကြည်ခဲ့သလို ယုံကြည်တဲ့ အတိုင်းလည်း ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့သလို ချေပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ကစားပုံက တိုးတက်လာခဲ့လို့ပါ။ အနိုင်ဂိုး မရခင်မှာတော့ ကျွန်တော်တို့က ကြောက်ရွံ့မှု တခုနဲ့ ကစားနေခဲ့သလို ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့တွေ အလုပ်ကြိုးစားခဲ့တာကြောင့် ဒီပွဲကို အနိုင်မရမှာ ကြောက်ခဲ့ကြတယ်။ ပြီးတော့ အခုလိုမျိုး နောက်ကျ အနိုင်ဂိုး တဂိုးနဲ့ နိုင်ခဲ့တာကလည်း ကျွန်တော်တို့တွေ ကံကောင်းလွန်းလို့ပါ” လို့ ပြောကြားသွားခဲ့တာပါ။