အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ်လ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄)မှာ ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တာဟာ ကံကောင်းလို့သာ ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) အဖြစ် ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အဖိုးတန် အနိုင် ၃မှတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဒါပေမယ့် ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဝက်ဖို့ဒ်အသင်းက ချယ်လ်ဆီးအသင်းထက် ဂိုးကန်သွင်းခွင့်တွေ ပိုမို ရရှိခဲ့သလို သွင်းဂိုးတွေ ရဖို့လည်း ပိုမို နီးစပ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၉မိနစ်မှာ မေဆန်မောင့်နဲ့ ပွဲကစားချိန် ၇၂မိနစ်တို့မှာ ဇီရက်ဇ်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဝက်ဖို့ဒ်အသင်း အတွက် တလုံးထဲသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၃မိနစ်မှာ ဒန်းနစ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard

ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ်က ယနေ့ပွဲစဉ်မှာ သူတို့အသင်းရဲ့ ကစားပုံဟာ ဆိုးရွားခဲ့ကြောင်း ဝန်ခံသွားခဲ့သလို အနိုင် ၃မှတ် ရရှိခဲ့တာကလည်း ကံကောင်းလို့သာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

တူချယ်လ်က – “ကျွန်တော်တို့တွေက သူတို့ဆီကနေ ရမှတ် ၃မှတ်ကို ခိုးယူနိုင်ခဲ့တာပါ။ ကျွန်တော်တို့မှာ ရမှတ် ၃မှတ်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီရမှတ် ၃မှတ်က အရမ်း အရမ်းကို အရေးပါတဲ့ ရမှတ်တွေပါ။ ဒီပွဲက ကျွန်တော့်ရဲ့ ချယ်လ်ဆီးနည်းပြဘဝမှာ ပထမဦးဆုံး အကြိမ် ကံကောင်းလို့ နိုင်ခဲ့တဲ့ ပွဲတပွဲ အဖြစ် ခံစားရစေပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲအတွက် အသင့် မဖြစ်ခဲ့ကြပါဘူး။ ကျွန်တော်က ဒီပွဲနဲ့ ကိုက်ညီတဲ့ နည်းစနစ်မျိုးကို ချမှတ်ဖို့ လိုအပ်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လို့ အတိအလင်း ဖွင့်ဟ ဝန်ခံသွားခဲ့တာပါ။