ဥရောပ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့က မကြာသေးမီကမှ ချယ်လ်ဆီးရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဂျာမဏီ ထိပ်သီးနည်းပြ တူဟယ်လ်ကို သူတို့အသင်းတွေရဲ့ နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်တို့က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းတွေ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြည်တွင်းပွဲ ၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့သလို ဂျူဗင်တပ်ကလည်း ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၉ပွဲ ကစားထားရာ ၂ပွဲသာ အနိုင်ရရှိထားကာ ၄ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကြီးကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ် နှစ်သင်းစလုံးရဲ့ ဥက္ကဌတွေက သူတို့အသင်းတွေဟာ သက်ဆိုင်ရာ နည်းပြတွေကို ယုံကြည်နေဆဲ ဖြစ်ကြောင်း အသီးသီး ပြောကြားထားကြပေမယ့် တဖက်မှာတော့ နှစ်သင်းစလုံးရဲ့ တာဝန်ရှိသူ တချို့ဟာ တူဟယ်လ်ဆီကို ဆက်သွယ်ကာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းစလုံးရဲ့ တာဝန်ရှိသူတွေက တူဟယ်လ်ရဲ့ အေးဂျင့်ထံ ဆက်သွယ်မှု တချို့ ပြုလုပ်ထားပြီး တူဟယ်လ်ကလည်း နည်းပြလောကထဲကို အမြန်ဆုံးနည်းနဲ့ ပြန်လည် ဝင်ရောက်ချင်နေတာကြောင့် နှစ်သင်းစလုံးနဲ့ ဆွေးနွေးဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Metro

ဒါပေမယ့် တူဟယ်လ်က နှစ်သင်းထဲက တသင်းကို ရွေးရမယ် ဆိုရင် အသင်းဟောင်း ဒေါ့မွန်ရဲ့ ခါးသီးပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထက် ဂျူဗင်တပ်ဆီသာ ပြောင်းရွှေ့ချင်နေသလို လက်ရှိ အနေအထားမှာလည်း ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းကို ဆက်လက် ယုံကြည်နေသေးတာကြောင့် တူဟယ်လ်ရဲ့ အသင်းသစ်ဟာ ဂျူဗင်တပ် ဖြစ်လာဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်ရဲ့ ပရိသတ်တွေကလည်း သူတို့အသင်းအနေနဲ့ အလုပ်မဖြစ်တော့တဲ့ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ပြီး တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခပ်မြန်မြန် ခန့်အပ်ဖို့ တိုက်တွန်းမှုတွေ ရှိလာတာကြောင့် တူဟယ်လ်ရဲ့ နောက်ထပ် စွန့်စားခန်းအသစ်ဟာ အီတလီမြေ ဖြစ်လာနိုင်ပါတယ်။