လက်ရှိ ဥရောပ ချန်ပီယံ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ လိုင်လီနဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ အသေးစား ဒဏ်ရာတခု ရရှိသွားတဲ့ အဓိက ကွင်းလယ်လူ ကိုဗာဆစ်ကို ဒဏ်ရာမရခင်မှာပဲ လူစားလဲပြီး အနားပေးဖို့ လုပ်ဆောင်ခဲ့သင့်ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ရဲ့ လက်ရှိ ချန်ပီယံ ချယ်လ်ဆီးဟာ ၁၆သင်း ရှုံးထွက် ပထမအကျော့ ပွဲစဉ်အဖြစ် လိုင်လီကို အိမ်ကွင်း စတမ်းဖို့ ဘရေ့ဒ်ချ်မှာ ဧည့်ခံ ကစားခဲ့ရာ ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက် ၊ တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ အခွင့်အရေး များသွားခဲ့ပါတယ်။

Photo Credit: Daily Mail

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအတွက် အရာအားလုံးက အပေါင်းလက္ခဏာ ဆောင်ခဲ့ပေမယ့် အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ကိုဗာဆစ် တယောက် ဒဏ်ရာရသွားတာ ကတော့ အနုတ်ပြခဲ့တဲ့ ဖြစ်ရပ်တခုပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးဟာ ယခု သီတင်းပတ် အကုန်မှာ လီဗာပူးနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေတာကြောင့် ချယ်လ်ဆီးဘက်က အဆိုပါ ပွဲစဉ်မတိုင်မီ ကိုဗာဆစ် တယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ဆုတောင်းနေရပြီး ချယ်လ်ဆီး နည်းပြဖြစ်သူ တူဟယ်လ်ကလည်း သူဟာ ကိုဗာဆစ်ကို ခပ်စောစော လူစားလဲခဲ့သင့်ကြောင်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

တူဟယ်လ်က – “ကျွန်တော်က ကိုဗာဆစ်ကို ခပ်စောစောပဲ လူစားလဲခဲ့သင့်တာပါ။ ဒါဆိုရင် ကျွန်တော်တို့တွေ နောက်ထပ် လူစားလဲမှု တခုကို လုပ်စရာ လိုမယ် မထင်ပါဘူး။ ကျွန်တော်က ဇီရက်ဇ်ရဲ့ ဒဏ်ရာအခြေအနေကို မကြည့်ရသေးသလို ဆရာဝန်တွေနဲ့လည်း မတွေ့ရသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာက အရမ်းကြီး မပြင်းထန်ဘူးလို့တော့ ယူဆပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။