ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ်လ်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရသင့်ကြောင်း ထောက်ခံစကား ပြောကြားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ် ဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့သလို အီတလီအသင်းရဲ့ ယူရို၂၀၂၀ အောင်ပွဲမှာလည်း အဓိက ကျခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

Photo Credit: Standard

ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စုစုပေါင်း ၄၃ပွဲ ကစားခဲ့ရာ သွင်းဂိုး ၈ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် သူ ပါဝင် ကစားတဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းနဲ့ အီတလီအသင်းတို့ရဲ့ ကစားပုံဟာ ပိုမို ကောင်းမွန်လာသလို တဖက်အသင်းရဲ့ ကစားကွက်ကိုလည်း ထိန်းချုပ်နိုင်လေ့ ရှိပါတယ်။

လက်ရှိမှာတော့ ဂျော်ဂျင်ဟိုဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့နဲ့ အပြိုင် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေပြီး အီတလီအသင်းရဲ့ နည်းပြဖြစ်သူ မန်စီနီက ဂျော်ဂျင်ဟိုဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ချီးကျူးထားသလို လက်ရှိမှာလည်း ချယ်လ်ဆီးရဲ့ နည်းပြ တူချယ်လ်က ဂျော်ဂျင်ဟိုဟာ ရွှေဘောလုံးဆု ရသင့်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ထောက်ခံစကား ပြောကြားလာပါတယ်။

Photo Credit: Standard

ဂျော်ဂျင်ဟို တယောက် ရွှေဘောလုံးဆုနဲ့ ထိုက်တန်မှု ရှိကြောင်းကို တူချယ်လ်က – “ဂျော်ဂျင်ဟိုက ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမားပါ။ သူက အရမ်း ဉာဏ်ကောင်းတဲ့ ကစားသမား တဦး ဖြစ်သလို သူ့ကို နည်းပြခွင့် ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

ကဲ ပရိသတ်ကြီးကရော ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို ဘယ်သူက ရသွားမယ်လို့ ထင်ကြလဲဗျ…?