MySport Myanmar

အင်္ဂလန် နည်းပြရာထူးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ တူဟယ်လ်

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေတဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ဟာ လက်ရှိမှာတော့ အင်္ဂလန် လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အသင်းနည်းပြ ဂါရတ် ဆောက်ဂိတ် ရာထူးကနေ ထွက်ခွာသွားချိန်မှာ ယူ-၂၁ အသင်းနည်းပြ လီ ကာစလေကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားခဲ့ပေမယ့် ဂရိအသင်းနဲ့ Nations League ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့ရပြီးနောက် အမြဲတမ်း နည်းပြတစ်ဦး ပြောင်းလဲ ခန့်အပ်သွားဖို့အတွက် စတင် စဉ်းစားလာခဲ့ပါတယ်။

Photo Credit : The Sun

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကတော့ ဆောက်ဂိတ်နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးနည်းပြ ဂွာဒီယိုလာကို အလိုချင်ဆုံး ဖြစ်နေသလို အက်ဒီဟောင်း ၊ ဂရေဟမ် ပေါ်တာ ၊ ပိုချက်တီနို(လက်ရှိ အမေရိကန် နည်းပြ)နဲ့ တူဟယ်လ်တို့လို အင်္ဂလိပ်ဘောလုံးနယ်ပယ်မှာ ကျင်လည်ဖူးသူတွေကိုလည်း ပစ်မှတ်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ အင်္ဂလန်အသင်းဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဂျာမနီလူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ကို မျက်စိကျလာခဲ့ပြီး နိုင်ငံအသင်းတွေကို တစ်ခါမှ မကိုင်တွယ်ခဲ့ဖူးတဲ့ တူဟယ်လ်ကလည်း နိုင်ငံအသင်း တစ်သင်းသင်းကို နည်းပြဖို့ ဆန္ဒရှိလို့နေပါတယ်။ “နိုင်ငံအသင်းတွေကို ကိုင်တွယ်ဖို့ ဘာကြောင့် စိတ်မဝင်စားရမှာလဲ။”

Photo Credit : Football Transfer

“အခုအချိန်မှာတော့ ဒါကို သိပ်ပြီး စဉ်းစားမနေပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက် သင်တော်တဲ့ အသင်းမျိုး ဖြစ်ဆိုရင် ကျွန်တော် ဒါကို စဉ်းစားပါလိမ့်မယ်။ နောက်ပြီး အဲ့ဒီအသင်းက ယူရိုဖလားတို့ ကမ္ဘာ့ဖလားတို့ ဆွတ်ခူးနိုင်မယ့် အလားအလာမျိုး ရှိတယ်ဆိုရင် ကိုင်တွယ်သွားချင်ပါတယ်။” လို့ တူဟယ်လ်က ပြောဆိုခဲ့ဖူးပါတယ်။

တစ်ဖက်မှာကလည်း မန်ယူနိုက်တက်အသင်းက အသင်းမှာ အခြေအနေမကောင်းတော့တဲ့ အဲရစ် တန်ဟက်ဂ်နေရာအတွက် တူဟယ်လ်ကို အလိုရှိနေပြီး တူဟယ်လ်ဟာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် အနှစ်သက်ဆုံး နည်းပြတစ်ဦးလည်း ဖြစ်နေတာကြောင့် တူဟယ်လ်အနေနဲ့ အင်္ဂလန်နည်းပြ ဖြစ်လာမလား ဒါမှမဟုတ် ယူနိုက်တက်နည်းပြအဖြစ် ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာမလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။

Exit mobile version