ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်ဟာ လာမယ့် ကြားရက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကို လွဲချော်သွားရတော့မယ်လို့ သိရှိရပါတယ်။

နည်းပြ တူဟယ်လ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာပဲ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒီပြစ်ဒဏ်က အခု ဘောလုံးရာသီ ချန်ပီယံလိဂ်ပွဲစဉ်တွေအထိ သက်ရောက်မှာ ဖြစ်တဲ့အတွက် ယူနိုက်တက်နဲ့ပွဲကို လွဲချော်ရပါတော့မယ်။

Photo Credit : Football London

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ် အုပ်စု (A) မှာ ပရီးမီးယားလိဂ်ကလပ် မန်ယူနိုက်တက် ၊ တူရကီကလပ် ဂါလာတာစာရေး နဲ့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး ဒီဗုဒ္ဓဟူးနေ့မှာပဲ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံသွားရမှာ ဖြစ်ပါတယ်။

သူတို့ ရင်ဆိုင်သွားရမယ့် ယူနိုက်တက်အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်အသင်းမှာ ရုန်းကန်နေရပြီး ရလဒ်ပိုင်း ခြေစွမ်းပိုင်းတွေက ကျဆင်းနေခဲ့ရသလို ကွင်းအတွင်း ကွင်းအပြင် ပြသာနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Photo Credit : The Mirror

ရာသီအစ (၅)ပွဲအတွင်း အိမ်ကွင်း (၂)ပွဲသာ အနိုင်ရထားပြီး နောက်ဆုံးကစားထားတဲ့ ပွဲစဉ်မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ အရေးနိမ့်ထားခဲ့ရပါတယ်။ ဒီလို ရလဒ်တွေ ဆိုးရွားနေတဲ့ ယူနိုက်တက်ဟာ ဟာရီကိန်း ဦးဆောင်လာမယ့် ဘိုင်ယန်ကို ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်သွားရနိုင်တာ သေချာနေပါတယ်။

နွေဈေးကွက် ပိတ်ခါနီး ပါလင်ညာလို ကွင်းလယ်လူမျိုး ခေါ်ယူနိုင်ဖို့ နီးစပ်ပြီးမှ ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ဟာရီကိန်းလို အင်္ဂလန် ဂိုးသွင်းစက် တိုက်စစ်မှူးမျိုးကို ခေါ်ယူထားနိုင်ခဲ့တဲ့ ဘိုင်ယန်က နည်းပြ တူဟယ်လ် မပါလာနိုင်သော်လည်း သူတို့ရဲ့ အိမ်ကွင်းမှာ ခံစစ်ပိုင်း အားနည်းနေတဲ့ ယူနိုက်တက်ကို သေချာပေါက် ဒုက္ခပေးသွားဖွယ်လည်း ရှိနေပါတယ်။