MySport Myanmar

စပါးကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတဲ့ ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဟောင်း ဖြစ်သူ သောမတ်စ် တူဟယ်လ်က နည်းပြ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေတဲ့ စပါးကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း ESPN သတင်းဌာနရဲ့ အကြီးတန်း သတင်းထောက် ဂျိမ်းစ် အိုလီက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ သောမတ်စ် တူဟယ်လ်က လန်ဒန်မြို့ခံကလပ် ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့စဉ်မှာ ချန်ပီယံလိဂ်ဖလား ၊ ကမ္ဘာ့ကလပ်ဖလား ၊ ဥရောပစူပါဖလား စတဲ့ အထင်ကရ ဆုဖလားတွေကို ရယူနိုင်ခဲ့သလို သူ့ရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ ဒေါ့မွန်တို့မှာလည်း ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

တဖက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပြီး စပါးဟာ ကွန်တီကို အခုချိန်မှာ စာချုပ် မဖျက်သိမ်းခဲ့ရင်တောင် ရာသီကုန်ချိန်မှာ ကွန်တီနဲ့ မဖြစ်မနေ လမ်းခွဲရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် စပါးရဲ့ တာဝန်ရှိသူတွေက ကွန်တီရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို စတင် ရှာဖွေနေပြီး စပါးရဲ့ ပစ်မှတ် နည်းပြစာရင်းထဲမှာ တူဟယ်လ် ၊ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ် ၊ စပို့တင်းနည်းပြ အမိုရင် ၊ နည်းပြဟောင်း ပိုချက်တီနိုတို့ ပါဝင်နေပါတယ်။

Photo Credit: Football 365

လက်ရှိမှာ စပါးက သူတို့အသင်းရဲ့ နည်းပြချုပ်နေရာ အတွက် နည်းပြပေါင်းစုံကို ဆက်သွယ်ထားရာ တူဟယ်လ်ဆီ စပါးရဲ့ ချိတ်ဆက်မှု တချို့ ရောက်လာခဲ့ပြီး ချယ်လ်ဆီးနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ တူဟယ်လ်ကလည်း စပါးကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဂျိမ်းစ် အိုလီရဲ့ ဖော်ပြချက်အရ တူဟယ်လ်က စပါးကို ကိုင်တွယ်ဖို့ စတင် စဉ်းစားနေသလို တူဟယ်လ်ဟာ စပါးနည်းပြသစ် ဖြစ်လာနိုင်ချေ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့် တူဟယ်လ်က စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ချင်နေသူ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်က တူဟယ်လ်ကို မခေါ်မှသာ စပါးက တူဟယ်လ်ကို ခေါ်ယူဖို့ အခွင့်အလမ်း ရလာမှာ ဖြစ်ပါတယ်။

Exit mobile version