ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် သောမတ်စ် တူဟယ်လ်က ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာ ဘိုင်ယန်မြူးနစ် ကနေ ထုတ်ပယ်ခံရမယ် ဆိုရင် နည်းပြသစ် ရှာဖွေနေတဲ့ ဘာစီလိုနာကို ပြောင်းလဲ ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၅၀ အရွယ် ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ သောမတ်စ် တူဟယ်လ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘိုင်ယန်မြူးနစ်ကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်က လာမယ့် ၂၀၂၅ခုနှစ် ရောက်မှသာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တူဟယ်လ်က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်နေသေးပေမယ့် သူ့ရဲ့ ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ ဂျာမန်စူပါဖလားနဲ့ ဂျာမန်ပိုကယ်ဖလားတို့ကို လက်လွှတ်ထားရသလို ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ဖို့ မလွယ်ကူတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူ တချို့က တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်မယ် ဆိုတဲ့ သတင်းတွေ ခပ်သဲ့သဲ့ ထွက်ပေါ်နေသလို မော်ရင်ဟို ၊ ဂျိုအာချင်လို ၊ ဟန်ဆီ ဖလစ်ခ် စတဲ့ နာမည်ကြီးနည်းပြတွေက ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ချင်နေတယ် ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။

Photo Credit: Goal

နာမည်ကြီး စပိန်သတင်းဌာန Mundo Deportivoရဲ့ ပင်တိုင်သတင်းထောက် ဖာနန်ဒို ပိုလိုရဲ့ ဖော်ပြချက်အရ တူဟယ်လ်က ယခုနှစ် ဘောလုံးရာသီ အကုန် (သို့) ရာသီမကုန်ခင်မှာ ဘိုင်ယန်မြူးနစ် ကနေ ထုတ်ပယ်ခံရရင် နည်းပြသစ် ရှာဖွေနေတဲ့ ဘာစီလိုနာကို ကိုင်တွယ်ချင်နေပြီး တူဟယ်လ်ရဲ့ ကိုယ်စားလှယ်တွေက ဘာစီလိုနာဆီ ဆက်သွယ်မှုတွေ လုပ်ထားကြောင်း သိရှိရပါတယ်။

ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြချုပ် ဇာဗီနဲ့ လမ်းခွဲတော့မှာ ဖြစ်တာကြောင့် နည်းပြသစ် ရှာဖွေနေတဲ့ အသင်း ဖြစ်ပြီး ဘာစီလိုနာက ဘိုင်ယန်မြူးနစ် နည်းပြချုပ်ဟောင်း ဟန်ဆီ ဖလစ်ခ်ကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။