ပီအက်စ်ဂျီ နည်းပြ တူချယ်ဟာ စနေနေ့ညက မောင့်ပယ်လီယာအသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ အမ်ဘာပေကို လူစားလဲပြီး အမ်ဘာပေဟာ ကွင်းထဲက ထွက်လာတဲ့ အချိန်မှာ ဒေါသထွက်လျက် နည်းပြ တူချယ်နဲ့ စကားများခဲ့ပါတယ်။ နည်းပြ တူချယ်က အမ်ဘာပေကို လူစားလဲလိုက်ရတာဟာ သူတို့ နှစ်ဦးကြားမှာ ပုဂ္ဂိုလ်ရေး ပြဿနာ ရှိလို့ မဟုတ်ဘဲ အရန် ကစားသမားတွေကို ပွဲကစားချိန် ပေးချင်တာကြောင့် လူစားလဲရခြင်း ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: As

နည်းပြ တူချယ်က “ကျွန်တော် ဝမ်းနည်းမိတယ်။ ဘာလို့လဲဆိုရင် သတင်းစာတွေက ပွဲအကြောင်း မဖော်ပြကြလို့ပါပဲ။ ကျွန်တော်တို့တွေက စနေနေ့က ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲစဉ် အကြောင်းကို မပြောကြပါဘူး။ အမ်ဘာပေ နဲ့ ကျွန်တော့်မှာပုဂ္ဂိုလ်ရေး ပြဿနာ မရှိဘူး။ ကျွန်တော် အရန်ခုံက ကစားသမားတွေကိုလည်း ပွဲကစားချိန် ပေးချင်တယ်။ စနေနေ့က ဖြစ်ခဲ့တာကြောင့် သူ အသင်းက ထွက်သွားမယ်လို့တော့ မထင်ပါဘူး။ သူက ကျွန်တော်တိုရဲ့ ကစားသမားပါ”လို့ ပြောသွားပါတယ်။

Photo Credit: As

နည်းပြ တူချယ်ဟာ ပွဲကစားချိန် (၆၈) မိနစ်မှာ တိုက်စစ်မှူး အမ်ဘာပေကို တိုက်စစ်မှူး အီကာဒီနဲ့ လူစားလဲခဲ့ပြီး ပွဲကစားချိန် ပြီးသွားတဲ့ အချိန်မှာ ပီအက်စ်ဂျီအသင်းက မောင့်ပယ်လီယာအသင်းကို (၅-ဝ) နဲ့ အနိုင်ရခဲ့ပါတယ်။ တိုက်စစ်မှူး အမ်ဘာပေဟာ မောင့်ပယ်လီယာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ (၁) ဂိုး သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းကတော့ လီးဂူဝမ်း ပွဲစဉ် (၂၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၅၅) မှတ်နဲ့ (၁၂) မှတ် ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေလျက် ရှိနေပါတယ်။