ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ တူချယ် ကတော့ ယနေ့ည ၁နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ မန်ယူအသင်းကို ဘယ်လို ပုံစံနဲ့ ကစားပြီး အနိုင်ယူပြမလဲ ဆိုတာကို ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြ သွားခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းနဲ့ မန်ယူအသင်းတို့ဟာ ၂၀၁၈ခုနှစ် ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ တွေ့ဆုံခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်ပြီး အဆိုပါ အချိန်တုန်းက မန်ယူအသင်းဟာ အိမ်ကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် အဝေးကွင်း မှာတော့ ပီအက်စ်ဂျီအသင်းကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ပြန်လည် အနိုင်ရခဲ့ကာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါ့ကြောင့် ယခုတစ်ကြိမ် တွေ့ဆုံမယ့် ပွဲစဉ်ဟာ ပီအက်စ်ဂျီအသင်း အတွက် ဂုဏ်သိက္ခာပိုင်းအရ ပိုမို အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နေသလို မန်ယူအသင်းကလည်း ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်း တစ်ခု ရရှိဖို့ ကြိုးစားသွားမှာ အသေအချာပါပဲ။ နှစ်သင်းစလုံးဟာ ကိုယ်စီကိုယ်စီ အားသာချက်တွေ ရှိနေတဲ့ အသင်းတွေ ဖြစ်တာကြောင့် ဘယ်အသင်းက အနိုင်ရရှိသွားမလဲ ဆိုတာဟာ ပြောရခက်နေပြီး တူချယ်ကတော့ မန်ယူအသင်းရဲ့ အသက်သွေးကြောဟာ ကွင်းလယ် ဖြစ်ကြောင်းနဲ့ သူတို့အသင်းဟာ မန်ယူအသင်းကို အနိုင်ရရှိဖို့ အတွက် ဘောလုံးပိုင်ဆိုင်မှု အများကြီးနဲ့ ကစားသွားမှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Express

မန်ယူအသင်းကို အသာစီး ရရှိဖို့အတွက် ကစားသွားမယ့် ကစားကွက်နဲ့ ပတ်သတ်ပြီး တူချယ်က “ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးပါ။ ဒါ့ကြောင့် သူ့ကို တားဆီးဖို့ ဆိုတာဟာ အရေးကြီးတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ဘရူနို ဖာနန်ဒက်ဟာလည်း တစ်ဖက်အသင်းရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်တဲ့ ပေးပို့မှုတွေ အများကြီး ပြုလုပ်တတ်သူပါ။ မန်ယူအသင်းဟာ တန်ပြန်တိုက်စစ် ဆင်ရာမှာ အရမ်းကောင်းတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် သူတို့အသင်းရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးနိုင်ဖို့ လိုအပ် ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဘောလုံးကိုင်ပြီး ကစားသွားမှာပါ။ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားချင်တယ်။ ကျွန်တော်တို့ရဲ့ ပုံမှန် ကစားပုံနဲ့ ကစားသွားမယ်။ ကျွန်တော်တို့ဟာ အသင်းလိုက် ပုံစံနဲ့ ဖိအားပေးမှုတွေကိုလည်း ပြုလုပ်သွားမှာပါ” လို့ ပြောကြားသွားပါတယ်။