ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ် ကတော့ သူတို့အသင်းရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရ ကစားသမား များပြားနေမှုကို အကြောင်းပြပြီး ပွဲရွှေ့ပေးဖို့ တောင်းဆိုမှုအား ပယ်ချလိုက်ဖို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကို တိုက်တွန်းသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပါတေး ၊ အယ်နီနီ ၊ အူဘာမီယန်း ၊ ပေပေ စတဲ့ အသင်းရဲ့ စီနီယာ ကစားသမားတွေကို အာဖရိက ဖလားပြိုင်ပွဲဆီ စေလွှတ်ထားရသလို တိုမီယာဆု ၊ စမစ်ရိုဝီ ၊ ဆာကာ စတဲ့ အဓိက ကစားသမားတွေကလည်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် မနက်ဖြန်ညမှာ ကစားရမယ့် စပါးအသင်းနဲ့ ပွဲစဉ်ကို ပယ်ဖျက်ပေးဖို့ ယနေ့မနက် အစောပိုင်းမှာပဲ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ဆီ အသနားခံစာ တင်ခဲ့ပါတယ်။

Photo Credit: Football London

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ဟာ သာမန်အားဖြင့် ကစားဖို့ စီစဉ်ထားတဲ့ ပွဲစဉ်တွေကို ကြီးမားတဲ့ အကြောင်းပြချက် မရှိပဲ ရွှေ့ဆိုင်းပေးလေ့ မရှိပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု များပြားနေတဲ့ အသင်းတွေကို ခြွင်းချက်ပေးကာ ပွဲစဉ်တချို့ကို ရွှေ့ဆိုင်းပေးဖူးပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်အသင်းက သူတို့အသင်းမှာ ပွဲထွက် ကစားနိုင်တဲ့ စီနီယာ ကစားသမား မလုံလောက်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲရွှေ့ပေးဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

ဒါပေမယ့် အာဆင်နယ်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကစားသမားဟာ ကွင်းလယ်တိုက်စစ် ကစားသမား အိုဒီဂတ် တဦးထဲသာ ရှိနေတာကြောင့် ပွဲရွှေ့ပေးဖို့ တောင်းဆိုမှုဟာ မဆီလျော်တဲ့ တောင်းဆိုမှု တခု ဖြစ်ကြောင်း ယူဆသူတွေ ရှိနေပြီး ချယ်လ်ဆီးအသင်း နည်းပြ သောမတ်စ် တူဟယ်လ် ကတော့ အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရ ကစားသမား များပြားနေတာကြောင့် ပွဲရွှေ့ပေးဖို့ တောင်းဆိုမှုက စည်းကမ်းနဲ့ ညီညွတ်တဲ့ အရာတခု မဟုတ်တာကြောင့် ပွဲမရွှေ့ပေးသင့်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

တူဟယ်လ်က – “ကျွန်တော်ကတော့ ဒီဖြစ်ရပ်မျိုး (အာဆင်နယ်ရဲ့ ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုမှုအား လက်ခံခြင်း) ဖြစ်မလာဖို့ အရမ်းကို မျှော်လင့်ထားပါတယ်။ တကယ်လို့သာ သူတို့ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ရင် ကျွန်တော်က အတော်လေး စိတ်ဆိုး ဒေါသထွက်မိမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ပွဲစဉ်အတော်များများကို သူတို့ရဲ့ အခြေအနေမျိုးနဲ့ ကစားခဲ့ရလို့ပါ။ ကျွန်တော်တို့က မကစားသင့်ဘူး လို့ ယူဆရတဲ့ အချိန်တွေမှာတောင် ပွဲကစားဖို့ ဖိအားပေးခံခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ စည်းမျဉ်းတွေက အသင်းတိုင်းအပေါ် တညီတညွတ်ထဲ သက်ရောက်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။