ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ်ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀မှာ ဝက်စ်ဘရွန်းအသင်းကို အိမ်ကွင်း စတမ်းဘရက်ဖို့ဒ်ချ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ မေ့ပစ်ဖို့ ခက်ခဲတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ပွဲအပြီးမှာ ငြီးတွား သွားခဲ့ပါတယ်။ ယမန်နေ့ည အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဝက်စ်ဘရွန်းအသင်းတို့ရဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ တောင်ပံကစားသမား ပူလီဆစ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် နှစ်ဝါတစ်နီနဲ့ သီယာဂို ဆေးလ်ဗား ထွက်ခွာခဲ့ရပြီး နောက်မှာတော့ ခံစစ်ပိုင်း အမှားအယွင်း အများအပြားကို ကျူးလွန်မိခဲ့တာကြောင့် ဝက်စ်ဘရွန်းအသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: CNN

အဆိုပါ ပွဲစဉ်မှာ ဝက်စ်ဘရွန်းအသင်း အတွက် အဓိက ခြေစွမ်းပြသွားတဲ့ ကစားသမား ကတော့ တောင်ပံ ကစားသမား ရီကာဒို ပါရဲရား ဖြစ်ပြီး ပါရဲရားဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုး ၊ ဂိုးဖန်တီးမှု ၂ကြိမ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ဝက်စ်ဘရွန်းအသင်းဟာ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်ချက်တွေ ပိုမို အားကောင်းလာခဲ့ပေမယ့် ချယ်လ်ဆီးအသင်း ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ လာမယ့် ပွဲစဉ်တွေကို သတိထားပြီး ကစားရမယ့် အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ဝက်စ်ဘရွန်းအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ဖြစ်ရပ်ဟာ မေ့ပစ်ဖို့ ခက်ခဲကြောင်းကို ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်က –

Photo Credit: CNN

“ဒီပွဲဟာ ပွဲနှစ်ပွဲ ကစားခဲ့ရသလိုပါပဲ။ ပထမက ၁၁ယောက်နဲ့ ၁၁ယောက် ၊ ဒုတိယက ၁၀ယောက်နဲ့ ၁၁ယောက်ပါ။ ခင်ဗျားမှာသာ လုံလောက်တဲ့ အရည်အသွေးတွေ ရှိခဲ့ရင် သွင်းဂိုး ၅ဂိုးအထိ ခွင့်ပြုစရာ မလိုပါဘူး။ ကျွန်တော် အပါအဝင် အားလုံးဟာ ညံ့ဖျင်းခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ဦးဆောင်ခွင့် ရခဲ့တဲ့ အခြေအနေကို မထိန်းသိမ်းနိုင်ခဲ့ဘူး။ ပုံမှန်ဆိုရင် ကျွန်တော်တို့က ဦးဆောင်ဂိုးကို ကာကွယ်ဖို့ ယုံကြည်မှုတွေ ရှိခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ကစားပုံ ယိုယွင်းမှုတွေ ရှိခဲ့သလို ကြီးမားတဲ့ အမှားတွေကိုလည်း ကျူးလွန်မိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့ဟာ ပြင်းထန်စွာ အပြစ်ပေးခံခဲ့ရသလို ဒီဖြစ်ရပ်ကို မေ့ပစ်ဖို့ကလည်း ခက်ခဲပါတယ်” လို့ ပွဲအပြီးမှာ ပြောကြား သွားခဲ့ပါတယ်။