ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြိုင်ဘက် မန်ချက်စတာ စီးတီးကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံ အတွက် ပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တူဟယ်ရဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပေမယ့် ဂိုးသွင်း သေချာတဲ့ မန်ချက်စတာ စီးတီးကပဲ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီး ၃-၀ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ်ဖွင့် ကစားသွားတာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပြီး မန်ချက်စတာ စီးတီး အတွက် အနိုင်ဂိုးတွေကို အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ရိုဒရီ ၊ ဘာနာဒို ဆေးလ်ဗားနဲ့ အာလင်း ဟာလန်းတို့က သွင်းယူပေးခဲ့ကြတာပါ။

မန်ချက်စတာ စီးတီးကို အဝေးကွင်း ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် တူဟယ်ရဲ့ ဘိုင်ယန်မြူးနစ်က နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ အတွက် အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ မန်ချက်စတာ စီးတီးကို အနိမ့်ဆုံး ၃ဂိုးပြတ်နဲ့ ပြန်လည် အနိုင်ယူပြဖို့ လိုအပ်နေပြီး တူဟယ်ကတော့ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ကစားပုံ ကောင်းခဲ့တဲ့ အတွက် ပျော်ရွှင်မိကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

တူဟယ်က – “ကျွန်တော်က ဒီလိုရလဒ်မျိုးကို လက်သင့်မခံနိုင်ပါဘူး။ ကျွန်တော်တို့က ကိုယ် အသာစီး ရခဲ့တဲ့ အခြေအနေတွေမှာ ပြိုင်ဘက်ကို အခွင့်အရေးတွေ ပြန်ပေးခဲ့ရပြီး သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ပြိုင်ဘက်ရဲ့ ဒဏ်ခတ်တာကို ခံခဲ့ရတယ်လို့ ပြောရင်လည်း မမှားပါဘူး။ ကျွန်တော်တို့က ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေတဲ့ အခြေအနေ အထိ ကစားပုံ ကောင်းခဲ့ပါတယ်။ ကျွန်တော်က ရလဒ်ကို ဘေးဖယ်ထားလိုက်ရင် မိနစ် ၇၀ ဝန်းကျင် အထိ ကျွန်တော်တို့ရဲ့ ကစားပုံ အတော်လေး ကောင်းခဲ့တယ်လို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့က အနည်းဆုံး ၁ဂိုးလောက်တော့ ပြန်ရခဲ့သင့်ပါတယ်။ ဒါမှမဟုတ် ၂ဂိုးလောက်ပဲ ပေးခဲ့ရတာမျိုး ဖြစ်သင့်ပါတယ်။ ကျွန်တော်ကတော့ ကစားသမားတွေဟာ ယုံကြည်မှု အားနည်းခဲ့တယ်လို့ မြင်ပါတယ်။ ရလဒ်က ကျွန်တော်တို့ အတွက် ခါးသီးတဲ့ ရလဒ်မျိုး ဆိုတာကို မငြင်းပါဘူး။ ဒါပေမယ့် ကျွန်တော်က အသင်းရဲ့ ကစားပုံကို သဘောကျပါတယ်။ ခင်ဗျားတို့ ကြားရတာ တမျိုး ဖြစ်နေနိုင်ပေမယ့် ကျွန်တော်က ကစားပုံ အတွက် အတော်လေး ပျော်မိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။