လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးရဲ့ ပဲ့ကိုင်ရှင် သောမတ်စ် တူဟယ်လ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်လီကို ပြင်သစ်မြေမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိအောင် အသင်းကို ဦးဆောင်ပေးခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ ပွဲ၅၀ ကစားခဲ့ရာမှာ နိုင်ပွဲအများဆုံး ရခဲ့တဲ့ နည်းပြအဖြစ် စံချိန် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ တူဟယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ ချယ်လ်ဆီးဟာ ဥရောပ ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့လို ထိပ်သီး ဆုဖလားတွေကို အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Independent

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာလည်း တူဟယ်လ်ရဲ့ ချယ်လ်ဆီးဟာ လိုင်လီကို အနောက်ကနေ လိုက်ကစားခဲ့ရပေမယ့် အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာ ၊ တောင်ပံကစားသမား ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်း ၄-၁ ဆိုတဲ့ ရလဒ်နဲ့အတူ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးက လိုင်လီကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဟာ တူဟယ်လ်ရဲ့ နည်းပြဘဝ ပွဲ၅၀မြောက် ချန်ပီယံလိဂ်ပွဲ ဖြစ်ခဲ့ပြီး တူဟယ်လ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲ၅၀ ကိုင်တွယ်ခဲ့ရာ သူ့ရဲ့ အသင်းတွေက ၃၂ပွဲ အထိ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းရဲ့ ပွဲ၅၀ အတွင်း နိုင်ပွဲအများဆုံး စုဆောင်းနိုင်ခဲ့တဲ့ နည်းပြတဦး အဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Independent

ဒါ့အပြင် တူဟယ်လ်ဟာ ချယ်လ်ဆီးကို ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်အောင် ဦးဆောင် လမ်းပြနိုင်ခဲ့သလို ပီအက်စ်ဂျီနဲ့လည်း ချန်ပီယံလိဂ်ဖိုင်နယ် အထိ တကြိမ် တက်လှမ်းနိုင်ခဲ့ဖူးတာကြောင့် ချန်ပီယံလိဂ်နဲ့ ကံစပ်တဲ့ နည်းပြတဦးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။