ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် စပါးအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ပွဲအတွင်းမှာ ကံကောင်းလွန်းလို့သာ မရှုံးခဲ့တာပါလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ဒ်ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ စပါးအသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့ အဖြစ် စပါးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ သရေရလဒ် ရရှိရုံနဲ့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ ရှိနေပေမယ့် နောက်ခံလူ ရူဒီဂါရဲ့ တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကြောင့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အတူ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
Photo Credit: Sky Sports
ဒါပေမယ့် စပါးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်ဟာ ချယ်လ်ဆီးအသင်း အတွက် လွယ်ကူတဲ့ ပွဲစဉ်တပွဲ မဟုတ်ခဲ့ပဲ စပါးအသင်းရဲ့ အကြိမ်ကြိမ် ထိုးဖောက် တိုက်စစ်ဆင်မှုတွေကို ရူဒီဂါ ဦးဆောင်တဲ့ နောက်တန်းနဲ့ ဂိုးသမား ကီပါတို့ အစွမ်းကုန် ဟန့်တားနိုင်ခဲ့တာကြောင့်သာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့တာပါ။
အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူဟယ်လ်က သူတို့အသင်းရဲ့ ကစားပုံဟာ အတော်လေးကို လျော့ရဲနေကြောင်း ပြောကြားခဲ့သလို ကံကောင်းလွန်းလို့သာ စပါးအသင်းကို အနိုင်ရခဲ့တာပါလို့ ဝန်ခံသွားခဲ့ပါတယ်။
Photo Credit: Sky Sports
တူဟယ်လ်က – “ကျွန်တော်တို့ရဲ့ ပွဲအစ ကစားပုံက ကောင်းခဲ့တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က အန္တရာယ်ရှိတဲ့ အနေအထားမျိုး ရောက်အောင်လည်း လုပ်မိခဲ့ကြပါတယ်။ ကျွန်တော်တို့က တဖက်အသင်းကို အခွင့်အရေးတွေ အလွယ်တကူ ပေးခဲ့ကြတယ်။ ပြီးတော့ လျော့တိလျော့ရဲ ကစားခဲ့ကြတယ်။ ယုံကြည်မှု လွန်ကဲရာ ကနေ ပင်နယ်တီ ပေးရဖို့ အထိပါ ဖြစ်ခဲ့ကြပါတယ်။ ဒုတိယပိုင်း အစမှာလည်း ကစားပုံ ကောင်းခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပထမပိုင်းကလိုပဲ အန္တရာယ်ရှိတဲ့ အနေအထားကို ပြန်ရောက်ခဲ့ပါတယ်။ ပြီးတော့ ပင်နယ်တီ တလုံး ခွင့်ပြုပေးရဖို့လည်း နီးစပ်ခဲ့ပြီး ကံကောင်းလို့သာ လူကျွံအနေအထားကြောင့် မပေးခဲ့ရတာပါ။ ဒါကြောင့် ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကံကောင်းခဲ့တယ်လို့ပဲ ပြောရမှာပါ” လို့ ပြောကြားခဲ့တာပါ။