ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ ယနေ့မှာပဲ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ်ကို နည်းပြရာထူးကနေ ထုတ်ပယ်တော့မယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ် အများစုက အတိအလင်း ဖော်ပြ သွားကြပါတယ်။ အသက် ၄၇နှစ် အရွယ် ဒေါ့မွန်အသင်း နည်းပြဟောင်း တူချယ်ဟာ ဂျာမန်လူမျိုး နည်းပြတစ်ဦး ဖြစ်ကာ သူဟာ ပီအက်စ်ဂျီအသင်းကို ၂၀၁၈ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီး လက်ရှိ ဘောလုံးရာသီဟာ ပီအက်စ်ဂျီ နည်းပြဘဝ သုံးရာသီ ပြည့်မြောက်တဲ့ ရာသီလည်း ဖြစ်ပါတယ်။ တူချယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်အထိ ရောက်အောင် ဦးဆောင်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားသမားတွေနဲ့ အဆင်မပြေတာတွေ ၊ အသင်းရဲ့ အားကစား ဒါရိုက်တာဖြစ်သူ လီယိုနာဒိုနဲ့ စကားများတာတွေကြောင့် အသင်းရဲ့ နည်းပြရာထူး ကနေ ထုတ်ပယ် ခံရတော့မှာပါ။

Photo Credit: FotMob

လက်ရှိမှာ ပီအက်စ်ဂျီ အသင်းဟာ တူချယ်ကို ရာထူးကနေ ထုတ်ပယ်ကြောင်း တရားဝင် ကြေညာခြင်း မရှိသေးပေမယ့် ပြင်သစ် သတင်းဌာနတွေ ကတော့ တူချယ်ဟာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကာ စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုဟာ တူချယ်ရဲ့ နေရာကို ဆက်ခံဖွယ် ရှိကြောင်း ဖော်ပြ ထားကြပါတယ်။ တူချယ်ရဲ့ သတင်းနဲ့ ပတ်သတ်ပြီး နာမည်ကြီး သတင်းထောက် ဖြစ်သူ Falk ကလည်း အတည်ပြု ထားပြီး တူချယ်ဟာ ပီအက်စ်ဂျီ အသင်းကနေ ထုတ်ပယ်ခံရပြီး နောက်မှာ နည်းပြလောကထဲကို ချက်ချင်းဆိုသလို ဝင်ရောက်ချင်နေပြီး သူဟာ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းကို နည်းပြဖို့ စိတ်ဝင်စားနေကြောင်း Falk က ဆိုပါတယ်။

Photo Credit: FotMob

လက်ရှိမှာတော့ အာဆင်နယ် အသင်းဟာ ရလဒ်တွေ အတော်လေးကို ဆိုးရွားနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲမှာ ၃ပွဲရှုံးကာ တစ်ပွဲသာ သရေရထားသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲမှာ ၂ပွဲကိုသာ သရေရလဒ် ရရှိထားပြီး ၅ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒါ့ကြောင့် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ပြီးဆုံးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်၁၅ နေရာအထိ ရောက်ရှိ နေပြီး တန်းဆင်းဇုန်နဲ့လည်း ၄မှတ်သာ ကွာဟနေကာ နည်းပြဖြစ်သူ အာတီတာရဲ့ အနာဂတ်ဟာလည်း အတော်ကို စိုးရိမ်ရတဲ့ အနေအထားပါ။ Falk ကတော့ တူချယ်ဟာ ပီအက်စ်ဂျီ အသင်းကနေ ထုတ်ပယ် ခံရအပြီးမှာ အသင်းသစ် တစ်သင်းကို ခပ်မြန်မြန် ကိုင်တွယ်ချင်နေပြီး အာဆင်နယ် အသင်းဟာ သူနဲ့ အကိုက်ညီဆုံး အသင်းအဖြစ် ယုံကြည်နေကြောင်း သုံးသပ် ပြောဆို ထားပါတယ်။