၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် ကစားခဲ့တဲ့ ဒိုင်နမို ဇာဂရက်ဘ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက အဝေးကွင်းမှာ အံ့အားသင့်ဖွယ် ကောင်းလောက်တဲ့ ဆိုးရွားတဲ့ ခြေစွမ်းတွေနဲ့အတူ ဒိုင်နမို ဇာဂရက်ဘ်ကို အရှုံးပေးခဲ့ရပါတယ်။

ဒိုင်နမို ဇာဂရက်ဘ်က နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ ၃၃ပွဲမှာ ၂ပွဲသာ အနိုင်ရထားတဲ့ အသင်း ဖြစ်ပြီး ယမန်နေ့ညမှာ ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာလည်း ဒိုင်နမို ဇာဂရက်ဘ်က ပွဲစပွဲဆုံး ခံစစ်အနေအထားနဲ့သာ ကစားသွားခဲ့တာပါ။

Photo Credit: Standard

ချယ်လ်ဆီးကတော့ ဒိုင်နမို ဇာဂရက်ဘ်ကို အဝေးကွင်းမှာ ပွဲစပွဲဆုံး ဖိအားပေး ကစားခဲ့ပေမယ့် အသုံးမဝင်တဲ့ ဘေးတိုက် ပေးပို့မှုတွေ ၊ လိမ်ခေါက် ဖြတ်ကျော်မှုတွေသာ ပြုလုပ်နေခဲ့တာကြောင့် လိုအပ်နေတဲ့ ချေပဂိုးကို မရှာဖွေနိုင်ခဲ့သလို အသင်းရဲ့ ကစားပုံကလည်း အတော်လေးကို လျော့တိလျော့ရဲ ဖြစ်နေခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဒိုင်နမို ဇာဂရက်ဘ် အတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို ပွဲကစားချိန် ၁၃မိနစ်မှာ တိုက်စစ်မှူး အော်ဆစ်က တန်ပြန်တိုက်စစ် ကနေ တဆင့် ချယ်လ်ဆီးရဲ့ ခံစစ်မှူးသစ် ဖိုဖာနာကို ကျော်ပြေးကာ ကီပါနဲ့ တဦးချင်း အတွေ့မှာ လှလှပပ သွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒိုင်နမို ဇာဂရက်ဘ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် တူဟယ်လ်က သူတို့အသင်းရဲ့ ဆိုးရွားလှတဲ့ ကစားပုံကြောင့် စိတ်ပျက် ဒေါသထွက်မိကြောင်း ဝန်ခံသွားခဲ့သလို အသင်းရဲ့ လက်ရှိ အနေအထားဟာ အရာအားလုံး ပျောက်ဆုံးနေသလို ဖြစ်နေပြီလို့ ပြောကြားသွားခဲ့ပါတယ်။

တူဟယ်လ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့က ပုံမှန်ထက် နိမ့်ကျတဲ့ စွမ်းဆောင်ရည်ကိုပဲ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒီရာသီမှာ ဒီလိုမျိုးပဲ အမြဲတမ်း ဖြစ်နေခဲ့ပါတယ်။ ပွဲကို ကောင်းကောင်း စတင်နိုင်တယ်။ ပြီးတော့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေကို ဖန်တီးနိုင်ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ နောက်တော့ တန်ပြန်တိုက်စစ် ကနေ တဆင့် သွင်းဂိုးကို လွယ်လွယ်လေး ခွင့်ပြုပေးလိုက်ရတယ်။ နောက်ဆုံး ရှုံးသွားတယ်။ ဒါပါပဲ။ ဒီနေ့ပွဲအတွက် ကျွန်တော့်မှာ ပြန်လည် သုံးသပ်ရမယ့် အပိုင်းတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်ကလည်း ရှုံးပွဲအတွက် တာဝန်ရှိတဲ့ လူတယောက်ပါ။ ကျွန်တော်တို့က ဘယ်အချိန်မှာ ဘာလုပ်ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိခဲ့ကြပါဘူး။ ဒီရှုံးပွဲအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ တသင်းလုံးမှာလည်း တာဝန်ရှိပါတယ်။ အခုချိန်မှာ အရာအားလုံးက ပျောက်ဆုံးနေသလို ဖြစ်နေပါပြီ” လို့ စိတ်ပျက်လက်ပျက် ငြီးတွားသွားခဲ့တာ ဖြစ်ပါတယ်။