ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူဟယ် ကတော့ သူတို့အသင်းဟာ ယခုအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ ရမှတ် ၁၁မှတ် အထိ ကွာဟနေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံအိမ်မက်ကို မစွန့်လွှတ်သေးကြောင်း လီဗာပူးအသင်းနဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်း မတိုင်မီ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူးတို့နဲ့ အပြိုင် ရေပန်းစားခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ ၂ပွဲသာ အနိုင်ရကာ ၃ပွဲ အထိ သရေကျခဲ့တာကြောင့် ရမှတ် ဆုံးရှုံးမှုတွေ များပြားခဲ့ပြီး ချန်ပီယံဆုကို ရရှိဖို့ မသေချာ မရေရာတဲ့ အနေအထား တခုကို ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ယနေ့ညမှာဆိုရင်လည်း ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလုဘက်အသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းကို အိမ်ကွင်း စတမ်းဖို့ဘရေ့ဒ်ချ်မှာ ဧည့်ခံကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်မှာသာ ရလဒ်ကောင်း တစုံတရာ မရခဲ့ရင် ချယ်လ်ဆီးအသင်း အနေနဲ့ ချန်ပီယံအိမ်မက်ကို စွန့်လွှတ်ရဖို့ နီးစပ်သွားပြီလို့ ဆိုရမှာပါ။

ဒါပေမယ့် တူဟယ်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အိမ်မက်ကို မစွန့်လွှတ်သေးကြောင်း လီဗာပူးအသင်းနဲ့ ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး သူတို့အသင်းဟာ မန်ချက်စတာ စီးတီးနဲ့ ရမှတ်တွေ အတော်လေး ကွာဟနေပေမယ့် နောက်ဆုံးအချိန် အထိ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။

Photo Credit: Sky Sports

တူဟယ်က – “မန်ချက်စတာ စီးတီးက အရမ်းကို ခြေစွမ်းကောင်းနေပါတယ်။ ကျွန်တော်တို့တွေက သူတို့နဲ့ အတော်လေး ခြေစွမ်းပိုင်း ကွာဟနေသေးတာကို ဝန်ခံရဖို့ ရှိနေသလို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့တွေ သူတို့နဲ့ စုစုပေါင်း ရမှတ် ၂၁မှတ် အထိ ကွာခဲ့တာကို မြင်တွေ့ရမှာပါ။ ကျွန်တော်တို့တွေက ရည်ရွယ်ချက် ကြီးမားတဲ့ လူတွေ ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးကို ၆လအတွင်း လိုက်မှီဖို့ အတင်းအကျပ် ဖိအားပေးပြီး လုပ်စရာ မလိုပါဘူး။ ကျွန်တော်တို့တွေ သူတို့ကို လိုက်မှီနိုင်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ကွာဟချက်တွေကို ဖြည်းဖြည်းချင်း လျှော့ချဖို့ လိုအပ်ပါတယ်။ အသင်းမှာ ရှိနေတဲ့ လူတွေ အားလုံးကတော့ မန်ချက်စတာ စီးတီးကို ခပ်မြန်မြန်ပဲ လိုက်မှီအောင် ကြိုးစားချင်နေပါတယ်။ လွန်ခဲ့တဲ့ ၂ပတ် ၊ ၃ပတ်လောက်မှာ ဆိုရင် ကျွန်တော်တို့က ချန်ပီယံဆုနဲ့ အတော်လေးကို နီးစပ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့က ချန်ပီယံလမ်းကြောင်းနဲ့ နည်းနည်းလေး သွေဖယ်နေပါပြီ။ ဒီအချက်က မန်ချက်စတာ စီးတီး အတွက် ကြီးမားတဲ့ အားသာချက် တခုလို့ ပြောရင်လည်း မမှားပါဘူး။ ကျွန်တော်တို့တွေက သူတို့ကို လိုက်မှီဖို့ ခက်ခဲသွားပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ချန်ပီယံ ဖြစ်ရမယ် ဆိုတဲ့ ယုံကြည်မှုမျိုး ဆက်လက် ထားရှိဖို့ လိုအပ်သလို ဆက်ပြီး ကြိုးစားနေရပါမယ်။ ဒါပေမယ့် လက်တွေ့ကျဖို့လည်း လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။