ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်က ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို မလိုချင်ကြောင်း အသင်းရဲ့ တာဝန်ရှိသူတွေထံ အသိပေးလိုက်တယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မကြာသေးမီကမှ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ ပူးတွဲပိုင်ရှင် တော့ပ် ဘိုလီရဲ့ ဦးဆောင်မှုနဲ့အတူ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ ကြိုးစားနေပြီး သူတို့က အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး လူကာကူရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ရှာဖွေနေပါတယ်။

Photo Credit: Metro

တဖက်မှာတော့ အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေသူ ဖြစ်ပြီး ရိုနယ်ဒိုရဲ့ အေးဂျင့် ဂျော့စ်မန်ဒက်က ချယ်လ်ဆီးရဲ့ သူဌေး တော့ပ် ဘိုလီနဲ့ တွေ့ဆုံကာ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

နာမည်ကြီး ပေါ်တူဂီ သတင်းထောက် ပက်ဒရိုရဲ့ ဖော်ပြချက်အရ ရိုနယ်ဒိုက ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားသလို ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလီကလည်း ရိုနယ်ဒိုလို ကြယ်ပွင့် ကစားသမား တဦးကို အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ချယ်လ်ဆီးနည်းပြ ဖြစ်သူ တူဟယ်လ်ကတော့ ရိုနယ်ဒိုလို အကျပိုင်းကို ရောက်နေတဲ့ ကစားသမားထက် ငယ်ရွယ်ပြီး အလားအလာကောင်းတွေ ရှိတဲ့ လူငယ် တိုက်စစ်မှူးတွေကိုသာ ခေါ်ယူပေးဖို့ အသင်းဆီ တောင်းဆိုထားကြောင်း သိရပါတယ်။

Photo Credit: Metro

နာမည်ကြီး အင်္ဂလန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း တူဟယ်လ်ဟာ ရိုနယ်ဒိုကို မခေါ်ယူချင်ကြောင်းကို ထပ်ဆင့် အတည်ပြုပေးခဲ့သလို တူဟယ်လ်က ရိုနယ်ဒို ရောက်လာရင် အသင်းတွင်း စည်းလုံးမှု ပြိုကွဲနိုင်သလို အသင်းရဲ့ လူငယ် ကစားသမားတွေကိုလည်း မှန်းထားသလို နေရာပေးဖို့ မလွယ်ကူတာကြောင့် ရိုနယ်ဒိုကို မခေါ်ယူပဲ အခြား ပစ်မှတ် ကစားသမားတွေကိုသာ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ ယနေ့မနက်မှာပဲ အသိပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။