ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ် ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်မယူနိုင်ခဲ့လို့ စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) အဖြစ် ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ဒ်ချ်မှာ ဧည့်ခံကစားခဲ့ရပြီး ချယ်လ်ဆီးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ကာ သရေတမှတ်စီ ခွဲယူခဲ့ရပါတယ်။

Photo Credit: Football 365

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကို အဆက်မပြတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၆ကြိမ် အထိ ရှိခဲ့ကာ ၆ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေး ၂ကြိမ် အထိ ရခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ရရှိခဲ့တဲ့ သွင်းဂိုးကလည်း ဂျော်ဂျင်ဟိုရဲ့ အမှားအယွင်း မရှိတဲ့ ပင်နယ်တီ ကန်သွင်းချက် ကနေ ရရှိခဲ့တာပါ။

တဖက်မှာတော့ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကိုပဲ တပွဲလုံး ခုခံခဲ့ရပြီး ချယ်လ်ဆီးအသင်းဘက်ကို ဂိုးပေါက်ကန်သွင်းမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ဆန်ချိုရဲ့ အခွင့်အရေးကို အပိုင် အဆုံးသတ်နိုင်မှုကြောင့် အဖိုးတန် သွင်းဂိုး ၁ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတာကြောင့် ချယ်လ်ဆီးအသင်းကို သရေကျခဲ့တာဟာ သူတို့အသင်း အတွက် ကောင်းမွန်တဲ့ ရလဒ်တခု ဖြစ်ခဲ့ပြီး အမှတ်ပေး ချန်ပီယံဆုကို ချိန်ရွယ်နေတဲ့ ချယ်လ်ဆီးအသင်း အတွက် ဒီသရေပွဲဟာ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ်ကလည်း သူတို့အသင်းရဲ့ ကစားပုံဟာ အနိုင်ရရှိဖို့ လုံလောက်ခဲ့ပေမယ့် သရေတမှတ်သာ ရရှိခဲ့လို့ စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။ တူချယ်လ်က – “ကျွန်တော်တို့တွေ ခြေစွမ်းကောင်းရက်နဲ့ ဒီပွဲကို သရေကျသွားလို့ အံ့ဩစရာတော့ မရှိပါဘူး။ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။ ဒီရာသီမှာ ဒီလိုမျိုး ဖြစ်တာ ၂ကြိမ် ရှိပါပြီ။ ဘန်လေနဲ့ပွဲမှာရော မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာပါ ကျွန်တော်တို့ရဲ့ ကစားပုံက အရမ်းကို ကောင်းခဲ့ပေမယ့် ကျွန်တော်တို့တွေ သရေတမှတ်ပဲ ရရှိခဲ့ပါတယ်။ ဒီအတွက် အတော်လေးကို စိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့တွေက ပွဲတပွဲကို အနိုင်ရရှိဖို့ အတွက် ပြသရမယ့် စွမ်းဆောင်ရည်ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပေမယ့် အမှတ်လျော့ခဲ့ရလို့ပါ” လို့ ထုတ်ဖော် ပြောကြားလိုက်တာပါ။