ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ်လ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)မှာ အဲဗာတန်အသင်းကို သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့လို့ စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေတမှတ်စီသာ ခွဲဝေယူခဲ့ရပါတယ်။

Photo Credit: Talk Sports

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းကို တဖက်သတ်နီးပါး ဖိအားပေး ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၈၀ရာခိုင်နှုန်းကျော် ရခဲ့သလို ဂိုးပေါက် ကန်သွင်းမှုလည်း ၂၃ကြိမ် အထိ ရခဲ့ပေမယ့် တိုက်စစ်ပိုင်းက အဆုံးသတ်ပိုင်း ညံ့ဖျင်းခဲ့သလို အဲဗာတန်အသင်းရဲ့ ခံစစ်ကလည်း အတော်လေးကို မာကျောခဲ့တာကြောင့် အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိတာပါ။

အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ သရေရလဒ်သာ ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ရမှတ် ၄မှတ် အထိ ကွာဟသွားခဲ့ပြီး ဒါက ချန်ပီယံဆုကို ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီးအသင်း အတွက် အတော်လေးကို စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။

Photo Credit: Talk Sports

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ်ကတော့ သူတို့အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပေမယ့် သရေရလဒ်သာ ရခဲ့လို့ စိတ်ပျက်မိခဲ့ကြောင်းနဲ့ ယခုလို သရေ တမှတ်သာ ရခဲ့တာဟာ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့် ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

တူချယ်လ်က – “ကျွန်တော်တို့က ဒီပွဲမှာလည်း ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် အနိုင် ၃မှတ် မရခဲ့ပြန်ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ သွင်းဂိုး ၁ဂိုး ရရှိဖို့ အားထုတ်ခဲ့ရတဲ့ပုံနဲ့ ပြိုင်ဘက်အသင်းက သွင်းဂိုး ၁ဂိုး ရဖို့ အားထုတ်ခဲ့ရပုံကို နှိုင်းယှဉ်ကြည့်ရင် ဒီပွဲရဲ့ ရလဒ်ကို လက်ခံနိုင်ဖို့က ခက်ပါတယ်။ ကျွန်တော်ကတော့ ဒီနေ့ပွဲ အတွက် အဓိကကျခဲ့တဲ့ အချက်ဟာ ပထမပိုင်းမှာ ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့်ပဲလို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က လိုချင်တဲ့ ကစားအားနဲ့ တသမတ်ထဲ မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်က ကစားပုံ တက်လာဖို့ အရန် ကစားသမားတွေကို ထည့်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။