ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ရာထူးကနေ ထုတ်ပယ် ခံခဲ့ရတဲ့ တူဟယ်လ်ကတော့ သူဟာ ချယ်လ်ဆီးနဲ့ လမ်းခွဲခဲ့ရတဲ့ အတွက် ယခုချိန် အထိ ဝမ်းနည်းပက်လက် ဖြစ်နေရကြောင်း ထုတ်ဖော် ​ဝန်ခံသွားခဲ့ပါတယ်။

တူဟယ်လ်က သူ့ရဲ့ ချယ်လ်ဆီးနည်းပြ ဘဝ ပွဲ၁၀၀ ပြည့်တဲ့ ဒိုင်နမို ဇာဂရက်ဘ်နဲ့ ပွဲစဉ်အပြီးမှာပဲ ချယ်လ်ဆီးနည်းပြရာထူး ကနေ အမှတ်မထင် ထုတ်ပယ်ခဲ့ရတာ ဖြစ်ပြီး သူ့အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရမယ့် အကြောင်းကို အထုတ်ပယ် မခံရမီ ၁၀မိနစ် အလိုမှသာ သိရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

 

တူဟယ်လ်က ပြီးခဲ့တဲ့ ၂ရာသီ အတွင်းမှာ ချယ်လ်ဆီးကို ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတွေ ရအောင် ဦးဆောင် လမ်းပြပေးနိုင်ခဲ့သလို အက်ဖ်အေဖလားနဲ့ ကားလင်းဖလား ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေဆီလည်း အရောက် ပို့ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် တူဟယ်လ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့ ပီတာချက် ၊ မာရီယာနာတို့ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အသင်းပိုင်ရှင်သစ် တော့ပ် ဘိုလေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် တော့ပ် ဘိုလေက သူတို့အသင်းရဲ့ ရေရှည် စီမံကိန်းနဲ့ တူဟယ်လ်ဟာ ကိုက်ညီခြင်း မရှိဘူးလို့ အကြောင်းပြကာ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး တူဟယ်လ်ရဲ့ နေရာမှာ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Mirror

တူဟယ်လ်ကတော့ ချယ်လ်ဆီးရဲ့ နည်းပြရာထူးကနေ ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ပယ်ခံခဲ့ရတဲ့ အပေါ် အတော်လေး တုန်လှုပ်နေပြီး ချယ်လ်ဆီးနဲ့ လမ်းခွဲခဲ့ရတာကြောင့် ဝမ်းနည်းပက်လက် ဖြစ်နေရကြောင်း ပရိသတ်တွေကို ရင်ဖွင့်သွားခဲ့ပါတယ်။

တူဟယ်လ်က – “ချယ်လ်ဆီးပရိသတ်တွေကို ပေးပို့ရမယ့် နှုတ်ဆက်စာက ကျွန်တော့်ရဲ့ ဘဝမှာ ရေးဖို့ အခက်ခဲဆုံး စာတစောင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ချယ်လ်ဆီးပရိသတ်တွေကို နှစ်ပေါင်းများစွာ ကြာတဲ့ အထိ ဒီလိုနှုတ်ဆက်စာမျိုး မရေးပေးရလောက်ဘူးလို့ မျှော်လင့်ထားမိသူပါ။ ချယ်လ်ဆီးနဲ့ လမ်းခွဲခဲ့ရတဲ့ အတွက် ဝမ်းနည်းပက်လက် ဖြစ်နေရပါတယ်” လို့ ရင်ဖွင့်သွားခဲ့တာလည်း ဖြစ်ပါတယ်။