ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ သူတို့အသင်းက စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ်ကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ကွင်းလယ်ဒိုင်တွေက ရီးရဲလ်မက်ဒရစ်ကို ဆိုရင် မျက်နှာသာပေးလွန်းတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ် နှစ်ကျော့စလုံးဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ကာ ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်က ချယ်လ်ဆီးကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သလို ဒုတိယအကျော့မှာလည်း ချယ်လ်ဆီးက ရီးရဲလ်မက်ဒရစ်ကို သာမန် ပွဲကစားချိန် အတွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ဂိုးကွာခြားချက် တူညီနေတာကြောင့် အချိန်ပိုကို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်က အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ အဖိုးတန် ခေါင်းတိုက်သွင်းဂိုးနဲ့ အတူ ပွဲကို အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ကွာတားဖိုင်နယ် နှစ်ကျော့စလုံးကို ခြုံကြည့်လိုက်ရင် ချယ်လ်ဆီးက ကစားပုံအရ ပိုမို ကောင်းမွန်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာရဲ့ မှော်ဝင်ခြေစွမ်းကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ချယ်လ်ဆီးကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးနည်းပြဖြစ်သူ တူဟယ်လ်ကလည်း သူ့ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း အပေါ် ကျေနပ်မှုရှိကြောင်း ဆိုပါတယ်။

တူဟယ်လ်က – “ကျွန်တော်တို့တွေ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ နောင်တမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဒီနေ့ခြေစွမ်းပိုင်းက ဂုဏ်ယူစရာကောင်းတဲ့ ခြေစွမ်းတရပ် ဖြစ်နေခဲ့လို့ပါ။ ကစားသမားတွေက ပထမအကျော့ရဲ့ ကစားပုံနဲ့ ယှဉ်ရင် အရမ်းကို ကွာခြားတဲ့ ကစားပုံ အစီအမံ တခုကို အကောင်းဆုံးပုံစံနဲ့ ပေးဆပ် ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းက ဘောလုံးကိုင် ကစားခွင့် ရတဲ့ အချိန်တွေမှာ အစီအစဉ်အတိုင်း ကစားနိုင်ခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းရဲ့ အရည်အသွေးကိုလည်း အကောင်းဆုံး ပြသနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ လုပ်ရမယ့် မှန်ကန်တဲ့ အရာတွေပါ။ ဒါကြောင့် ကျွန်တော်တို့အသင်းက ထူးခြားတဲ့ အသင်းတသင်း ဖြစ်နေပြီလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့် တဖက်မှာလည်း တူဟယ်လ်က အလွန်ဆိုရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တဲ့ အချိန်မှာ ကွင်းလယ်ဒိုင်ရဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး ကျေနပ်မှု မရှိပဲ ကွင်းလယ်ဒိုင်က ရီးရဲလ်မက်ဒရစ်ကို မျက်နှာသာပေးလွန်းတယ် လို့ ဝေဖန်ခဲ့ပါသေးတယ်။

တူဟယ်လ်က – “ဒီနေ့မှ မဟုတ်ပါဘူး။ ခင်ဗျားတို့က ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားတဲ့ အချိန်တိုင်း သူတို့အသင်းကို သတ္တိရှိရှိနဲ့ ရင်ဆိုင်တတ်တဲ့ တစုံတယောက်ကို (ကွင်းလယ်ဒိုင်ကို ရည်ညွှန်းလျက်) မရပါဘူး။ သူတို့က ရီးရဲလ်မက်ဒရစ်ကို အံတုရဲတဲ့ သတ္တိမရှိကြဘူးလေ။ ကျွန်တော်ကတော့ ပထမအကျော့မှာရော ဒုတိယအကျော့မှာပါ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက တဖက်အသင်းကို အနည်းငယ် အလေးသာစေခဲ့တယ်လို့ ထင်နေတုန်းပါပဲ” လို့ ဝေဖန်သွားခဲ့တာပါ။