ဘိုင်ယန်မြူးနစ်အသင်းနည်းပြ သောမတ်စ် တူဟယ်လ်ကတော့ လက်ရှိမှာ အသင်းရလဒ်ဆိုးတွေကြောင့် ဖိအားဒဏ်တွေနဲ့ ရင်ဆိုင်နေရပြီး လာမယ့် ကြားရက် လာဇီယိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ရလဒ် ထပ်မကောင်းခဲ့ရင် ချက်ချင်းတောင် ထုတ်ပယ်ခံရနိုင်တယ်လို့ သိရပါတယ်။

ဒေါ့မွန် ချယ်လ်ဆီး ပီအက်စ်ဂျီအသင်းတွေရဲ့ နည်းပြဟောင်း တူဟယ်လ်က မနှစ်က ဒီလိုအချိန်လောက်မှာပဲ နာဂယ်စမန်းနေရာ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး အသင်းကို ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်လာအောင် နောက်ဆုံးပွဲအထိ ခက်ခက်ခဲခဲ စွမ်းဆောင်ပေးခဲ့ရပါတယ်။

Photo Credit : Barca Universal

ဒီရာသီမှာတော့ တူဟယ်လ်က ရာသီအစ ဂျာမန် စူပါဖလားပွဲမှာတင် လိုက်ပ်ဇစ်ကို ဂိုးပြတ်ရှုံးလို့ ဖလားတစ်ခု လက်လွတ်ရခဲ့ပြီး ပိုကယ်ဖလားမှာလည်း စောစောစီးစီးနဲ့ပဲ ပြုတ်သွားခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါမှာလည်း အလွန်ဆိုရဲ့ လေဗာကူဆင်ကို မယှဉ်နိုင်ပဲ တစ်ပွဲအသာ (၇)မှတ်ထိ ပြတ်တောက်နေရပါတယ်။

ချန်ပီယံလိဂ်ဘက်မှာလည်း လာဇီယိုကို ပကျော့မှာ ရှုံးနိမ့်ထားခဲ့ရလို့ ဒုကျော့ အိမ်ကွင်းမှာ ကစားရမယ့် ဒုကျော့ပွဲစဉ်ထဲ မဖြစ်မနေ ရလဒ်ကောင်းမွန်ဖို့ လိုအပ်လာခဲ့ပါတယ်။ ဘိုင်ယန်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကတည်းက ချန်ပီယံလိဂ်မှာ အနည်းဆုံး ကွာတားဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဒါ့အပြင် လွန်ခဲ့တဲ့ ဘောလုံးရာသီ (၁၀)ရာသီအတွင်းမှာလည်း (၁၆)သင်းအဆင့်နဲ့ စောစောစီးစီး လှည့်ပြန်ခဲ့တဲ့ရာသီက တစ်ရာသီတည်းသာ ရှိခဲ့ပြီး အဲ့ဒီတုန်းကတော့ လီဗာပူးလ်အသင်းကို ရှံးနိမ့်ပြီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အခု သူတို့ ရင်ဆိုင်နေရတဲ့ လာဇီယိုက လီဗာပူးလ်လောက်ကို အင်အားမတောင့်တင်းတဲ့ အသင်းဖြစ်နေတာမို့ ဒီအသင်းကိုမှ မကျော်ဖြတ်နိုင်ရင် တူဟယ်လ်ရဲ့ အနာဂတ်လည်း ချက်ချင်း အဖြေထွက်သွားနိုင်ပါတယ်။

တကယ်တော့ တူဟယ်လ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ဒီရာသီအကုန်မှာပဲ လက်တွဲဖြုတ်ဖို့ သဘောတူထားခဲ့ပေမယ့် တကယ်လို့ ဘိုင်ယန်သာ လာဇီယိုကို ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာ မကျော်ဖြတ်နိုင်ဘူးဆိုရင် တူဟယ်လ်အနေနဲ့ ဘိုင်ယန်နည်းပြ ရာထူးကနေ ချက်ချင်း ထုတ်ပယ်ခံရနိုင်ပါတယ်။