MySport Myanmar

ဗီလာမှာ ရပ်ရှ်ဖို့ဒ် ခြေစွမ်းပြနိုင်ရင် အင်္ဂလန်မှာပါ ပြန်ရွေးချယ်သွားမယ့် တူဟယ်လ်

ဒီဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ အက်စတွန် ဗီလာအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်အနေနဲ့ ဗီလာမှာ ခြေစွမ်းပြသနိုင်ခဲ့မယ်ဆိုရင် သူ့ကို အင်္ဂလန်နည်းပြသစ် သောမတ်စ် တူဟယ်လ်က လက်ရွေးစင်အသင်းအတွက် ပြန်လည် ရွေးချယ်သွားဖို့ ရှိနေပါတယ်။

အသက်(၂၇)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်လက်ထက်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ ကွင်းတွင်းကွင်းအပြင် အခြေအနေတွေအပေါ် သဘောမကျတာကြောင့် ကစားသမားစာရင်းကနေ တောက်လျှောက် ချန်လှပ်ခဲ့တဲ့အပြင် အသင်းကအပါ ရှင်းထုတ်ဖို့လည်း စီစဉ်လာခဲ့ပါတယ်။

Photo Credit : United in Focus

ကနဦးပိုင်းက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ တကယ်တမ်းမှာတော့ ဗီလာအသင်းဆီကိုသာ ပြောင်းရွှေ့ခဲ့ရပြီး ဗီလာကလည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ရောင်းချလိုက်တဲ့ တိုက်စစ်မှူးလေး ဂျွန်ဒူရန်နေရာအတွက် ရပ်ရှ်ဖို့ဒ်လို အတွေ့အကြုံရှိ ကစားသမားတစ်ဦးနဲ့ ပြန်လည် အစားထိုးခဲ့ပါတယ်။

ဗီလာက ရပ်ရှ်ဖို့ဒ်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ရပ်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာ (၇၅)%အထိ ပေးချေသွားမှာ ဖြစ်သလို အငှားသက်တမ်း ကုန်ဆုံးချိန်မှာလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဗီလာတိုက်စစ်မှာ ဝက်ကင်းစ် ၊ ရော်ဂျာစ် ၊ ဘေလီ ၊ ရမ်ဆေးနဲ့ မာလန်းတို့ ရှိနေသလို အခု ရပ်ရှ်ဖို့ဒ်ပါ ရောက်လာပြီဖြစ်လို့ တိုက်စစ်အင်အားက ပိုမို တောင့်တင်းလာနိုင်သလို ပွဲကစားခွင့်အတွက်လည်း အပြိုင်အဆိုင်တွေ ပိုများလာရတော့မှာ ဖြစ်ပါတယ်။ (၁၂)ပွဲဆက်တိုက် ပွဲကစားခွင့် မရထားသေးတဲ့ ရပ်ရှ်ဖို့ဒ်အနေနဲ့လည်း ဗီလာဆီ ပြောင်းလိုက်တာက စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

တကယ်လို့ ရပ်ရှ်ဖို့ဒ်က ဗီလာမှာ ခြေစွမ်းတွေ ပုံမှန်ပြသနိုင်မယ် ပွဲကစားချိန်တွေလည်း ပုံမှန်ရရှိလာမယ်ဆိုရင် သူ့ကို အင်္ဂလန်နည်းပြသစ် တူဟယ်လ်က အသင်းလူစာရင်းမှာ ပြန်လည် ထည့်သွင်းရွေးချယ်သွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆိုထားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက် ကစားခွင့် ပြန်ရလာနိုင်အောင် ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

Exit mobile version