ဒီနေ့ညနေ (၆)နာရီအချိန် စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်သွားကြမယ့် ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ထိပ်သီးပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဘက်က အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂိုးသမား အက်ဒွါမန်ဒီ ပြန်လည်ပါဝင်လာလိမ့်မယ်လို့ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အတည်ပြု ပြောဆိုသွားခဲ့တာကြောင့် ရလဒ်တွေ တောက်လျှောက်ကောင်းမွန်နေတဲ့ ချယ်လ်ဆီးအတွက် အားတတ်စရာ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် ဂိုးသမားဖြစ်သူ မန်ဒီဟာ တင်ပါးဒဏ်ရာ ပြသာနာကြောင့် စပါးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ရတာဖြစ်ပြီး သူရဲ့နေရာမှာ စပိန်ဂိုးသမား ကယ်ပါအာရီဇာဘလာဂါက အစားထိုး ဝင်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဇင်းနစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဥရောပချန်ပီယံလိဂ် ပွဲစဉ်အပြီး တင်ပါးဒဏ်ရာကြောင့် စပါးနဲ့ ပရီးမီးယားလိဂ် ဗီလာနဲ့ လိဂ်ဖလားပွဲတွေကို ဆက်တိုက်လွဲချော်ထားခဲ့ရတဲ့ ဂိုးသမားမန်ဒီဟာ အခုတော့ သူရဲ့ ဒဏ်ရာအခြေအနေက ပြန်လည်သက်သာလာခဲ့ပြီဖြစ်တာကြောင့် မန်စီးတီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့် ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်တော့မှာ ဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အတည်ပြု ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Athletics

ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာသာမကပဲ အသင်း(၂)သင်းလုံးအတွက် အရေးပါလှတဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗုုိလ်လုပွဲစဉ်မှာပါ ဆုံတွေ့ထားခဲ့ရတာဖြစ်ပြီး အဲ့ဒီပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက ဂျာမနီကြယ်ပွင့် ကစားသမားလေး ကိုင်းဟားဗက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အိမ်ရှင်အဖြစ်နဲ့ ဧည့်သည်မန်စီးတီးအသင်းကို ဧည့်ခံသွားရမယ့် ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေပြီး လီဗာပူးလ်အသင်းနဲ့ ရမှတ်တူ အနေအထားနဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့နေပြီး ခုချိန်ထိ ရှုံးပွဲမရှိသေးပဲ ပုံစံကောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ မနှစ်က ဘောလုံးရာသီမှာလည်း ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ပြိုင်ပွဲစုံ(၃)ခုမှာ ဆုံတွေ့ထားခဲ့ရမှာ တူဟယ်လ်က ဂွာဒီယိုလာကို (၃)ကြိမ်လုံး အနိုင်ယူထားတာဖြစ်လို့ ဒီတစ်ကြိမ် ဆုံတွေ့မှုမှာ ဘယ်နည်းပြ ဘယ်အသင်းက အသာရသွားမလဲဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေရပါတယ်။