ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ကို နှစ်ဂိုးစီ သရေရလဒ်သာ ရရှိအောင် ကစားနိုင်ခဲ့ပြီးနောက် သူတို့အသင်းက အဆင့်၃နဲ့ ရာသီသိမ်းနိုင်ဖို့ မသေချာတော့သလို အဆင့်၃နေရာကို ဆက်လက် ထိန်းသိမ်းချင်ရင် ရလဒ်ကောင်းတွေ အမြန်ဆုံး ပြန်ရအောင် လုပ်ဖို့ လိုအပ်ကြောင်း ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အဖြစ် ဝုဗ်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရာ အဓိက တိုက်စစ်မှူး လူကာကူရဲ့ သွင်းဂိုး ၂ဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပေမယ့် ဝုဗ်ရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးခါနီးမှာပဲ ချေပဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး တဖက် ၂ဂိုးစီနဲ့ သရေရလဒ်သာ ရရှိခဲ့ပါတယ်။

Photo Credit: Mirror

ဝုဗ်နဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီးနောက် တူဟယ်လ်ရဲ့ ချယ်လ်ဆီးက အမှတ်ပေးဇယားရဲ့ အဆင့်၃ နေရာမှာ ရမှတ် ၆၇မှတ်နဲ့ ရပ်တည်နိုင်ခဲ့ပေမယ့် အဆင့်၄နေရာက အာဆင်နယ်နဲ့ ရမှတ် ၄မှတ်သာ ကွာဟတော့သလို အာဆင်နယ်က ချယ်လ်ဆီးထက် တပွဲလျော့နေတာကြောင့် အာဆင်နယ်ကသာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ အနိုင် ၃မှတ် ရယူနိုင်ခဲ့ရင် သူတို့နှစ်သင်းရဲ့ ကြားထဲမှာ ရမှတ် ကွာဟချက်က ၁မှတ်သာ ရှိပါတော့မယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီကို အဆင့်၃နဲ့ ပိတ်သိမ်းနိုင်ဖို့ မရေရာတော့ပဲ ချယ်လ်ဆီး နည်းပြဖြစ်သူ တူဟယ်လ်ကလည်း သူတို့အသင်းဟာ ယခုနှစ် ရာသီမှာ အဆင့်၃ ရရှိဖို့ မသေချာတော့ကြောင်း ဝုဗ်နဲ့ တဖက် ၂ဂိုးစီ သရေကျခဲ့ပြီးနောက် ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Mirror

တူဟယ်လ်က – “တကယ်လို့ ကျွန်တော်တို့သာ နိုင်ပွဲတွေ မရခဲ့ရင် အဆင့်၃နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က နိုင်ပွဲတွေ ပြန်လည် ရရှိအောင် အာရုံစိုက်လို့ ရပါသေးတယ်။ အရာအားလုံးက ကျွန်တော်တို့ လက်ထဲမှာ ရှိနေဆဲပါ” လို့ ပြောကြားသွားခဲ့တာပါ။