ချယ်လ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် အနေနဲ့ ချယ်လ်ဆီး အသင်းကို ကိုင်တွယ်ရာမှာ အခုလိုပဲ ရလဒ်ဆိုးတွေ ဆက်လက်ထွက်ပေါ်နေရင် အသင်းကနေ ထုတ်ပယ်ခံရဖို့ ရှိနေပြီးတော့ ချယ်လ်ဆီး အသင်းအနေနဲ့ နည်းပြ နေရာမှာ သောမတ်စ်တူချယ် ကို ခန့်အပ်ဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ဂျာမနီမှာ ရှိတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂျာမနီလူမျိုးနည်းပြ ဖြစ်သူ သောမတ်စ်တူချယ် ဟာ ပြီးခဲ့တဲ့ အပတ်ကမှ ပီအက်စ်ဂျီ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီလို့ သတင်းကြီးနေသူပါ။ တူချယ် အနေနဲ့ ပီအက်စ်ဂျီ အသင်းကို ကိုင်တွယ်ရာမှာ အရင်ရာသီက ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်ရှိအောင် ပို့ပေးထားနိုင်ခဲ့သလို ဒီရာသီမှာလည်း ရလဒ်ပိုင်းအရ ဆိုးဝါးမနေပေမယ့်လည်း အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Bild

ဂျာမန် သတင်းစာဌာန Bild ရဲ့ အဆိုအရတော့ ချယ်လ်ဆီး အသင်းဟာ ရလဒ်ကောင်းတွေ ထွက်ပါ်အောင် မစွမ်းဆောင်နိုင်ရင် နည်းပြ ဖြစ်သူ လမ်းပတ် ကို မကြာခင်မှာ ထုတ်ပယ်သွားဖို့ ရှိနေပြီးတော့ တူချယ် အနေနဲ့ကလည်း နည်းပြ လုပ်ဖို့ ကမ်းလှမ်းလာရင် လက်ခံသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ သောမတ်စ် တူချယ် ဟာ ပီအက်စ်ဂျီ အသင်းကနေ ထုတ်ပယ်ခံရအပြီးမှာ သူ့အနေနဲ့ ကာလကြာရှည် အနားယူဖို့ စိတ်မကူးပဲနဲ့ သူ့ကို ကမ်းလှမ်းမှုတွေကို လက်ခံသွားမယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့ပါတယ်။ ချယ်လ်ဆီး အသင်း တာဝန်ရှိသူတွေ နဲ့ သောမတ်စ်တူချယ် အကြားမှာလည်း ၂၀၁၇ ခုနှစ်လောက် တူချယ် ဒေါ့မွန် အသင်းကနေ ထွက်ခဲ့စဉ်က အဆက်အသွယ်တွေ ရှိခဲ့ဖူးကြပါတယ်။ လမ်းပတ် ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အယ်ဗာတန်၊ ဝုလ်ဗ် နဲ့ အာဆင်နယ် အစရှိတဲ့ အသင်းတွေကို ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလား မျှော်လင့်ချက်က ဝေးဝါးလာခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။

Photo Credit: Bild

နည်းပြ လန်းပတ် အနေနဲ့ တနင်္လာနေ့ညမှာ ကစားမယ့် အက်စ်တွန်ဗီလာ အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ တစ်ခုခု လုပ်ပြဖို့ လိုအပ်နေပြီးတော့ အကယ်၍သာ ထိုပွဲစဉ်မှာပါ ရလဒ်ပိုင်း ဆိုးဝါး ခဲ့ရင် လမ်းပတ် အတွက်တော့ သေချာပေါက် ဖိအားတွေနဲ့ ရင်ဆိုင်ရမှာပါ။ နည်းပြ လမ်းပတ် ဟာ ပြီးခဲ့တဲ့ ရာသီ ချယ်လ်ဆီး အသင်းကို ကိုင်တွယ်ခဲ့စဉ်ကတော့ အသင်းကို ရာသီကုန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အက်ဖ်အေဖလား ဖိုင်နယ် အထိရောက်အောင်လည်း နည်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ စွမ်းဆောင်ရည်ကတော့ ကောင်းမွန်တဲ့ အနေအထားမှာလည်း ရှိမနေသလို ဆိုးဝါး လွန်းတဲ့ အနေအထားမှာလည်း ရောက်ရှိမနေတာ ဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရမှတ် ၂၅ မှတ်နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လန်ဒန် ဒါဘီ ပွဲစဉ်မှာလည်း ဒီရာသီ ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့တဲ့ အာဆင်နယ် အသင်းကို boxing day မှာ ရှုံးနိမ့်ခဲ့ရပါတယ်။ နည်းပြ လမ်းပတ် ကတော့ အဆိုပါ ရှုံးပွဲ အတွက် ကစားသမားတွေကို အကြီးအကျယ် ပြစ်တင် ဝေဖန်ထားပါတယ်။