ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်ကတော့ သူတို့အသင်းဟာ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူနိုင်ချေ ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ချင်နေသူပါ။

Photo Credit: Express

ချယ်လ်ဆီးရဲ့ အသင်းပိုင်ရှင်သစ် တော့ပ် ဘိုလီကလည်း အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်သလို လက်ရှိအချိန် အထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပိုင်ဆိုင်ထားသေးတဲ့ ရိုနယ်ဒိုကို အသင်းထံ ခေါ်ယူချင်နေပြီး ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်နဲ့ ဘိုလီတို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ ရှိနေပါတယ်။

ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်ကတော့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရိုနယ်ဒိုကို ခေါ်မလား ဆိုတဲ့ မေးခွန်း မေးခံခဲ့ရချိန်မှာ သူက ရိုနယ်ဒိုအား ခေါ်ယူမယ့် အစီအစဉ်ကို မကန့်ကွက်လိုကြောင်းနဲ့ လက်ရှိမှာ သူတို့အသင်းရဲ့ ပစ်မှတ်က ခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ ဖြစ်ပြီး ခံစစ်ကြောင်းကိုသာ အင်အားဖြည့်ပြီးရင် ရိုနယ်ဒိုကို ခေါ်ယူနိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

တူဟယ်လ်က – “ကျွန်တော်က နောက်ထပ် တိုက်စစ်မှူး ၁ယောက် ထပ်ခေါ်မယ့် အစီအစဉ်ကို မကန့်ကွက်ပါဘူး။ (ရိုနယ်ဒိုအား ရည်ရွယ်လျက်) ဒါပေမယ့် တိုက်စစ်မှူးသစ် ထပ်ခေါ်ဖို့က ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက် မဟုတ်တာတော့ သေချာပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ကို ခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ပါ။ ဒါက လျို့ဝှက်ချက် တခု မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူးကို အဓိက ပြိုင်ဘက် ချယ်လ်ဆီးဆီ ရောင်းမထုတ်လိုပဲ ရိုနယ်ဒိုကို ပြည်ပကလပ်တွေဆီသာ ရောင်းချဖို့ စိတ်ကူးထားကြောင်း အသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်တွေအရ သိထားရပါတယ်။