ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်က သူတို့အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပေမယ့် တကယ်တမ်း ပိုကောင်းခဲ့တာက သူတို့အသင်းသာ ဖြစ်ကြောင်း လိဒ်ယူနိုက်တက်နဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ဂိုးသမား မန်ဒီရဲ့ အမှား ၊ ကန်တီနဲ့ ကိုဗာဆစ်တို့ မပါဝင်နိုင်တာကြောင့် လျော့ရဲနေတဲ့ ကွင်းလယ် ၊ တိုက်စစ်မှူးစစ်စစ် မရှိတာကြောင့် အစွယ်ကျိုးသလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းတို့ကြောင့် လိဒ်ယူနိုက်တက်ဘက်ကို ဦးဆောင်ဂိုးတွေ ဆက်တိုက် ဆိုသလို ခွင့်ပြုပေးခဲ့ရပြီး ချေပဂိုး တဂိုးတောင်မှ ပြန်လည် သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Daily Star

အထူးသဖြင့် အဆိုပါရှုံးပွဲမှာ ချယ်လ်ဆီးရဲ့ ကစားသမား အင်အား နည်းပါးနေမှုကို သိသိသာသာ မြင်တွေ့ခဲ့ရပြီး ရှုံးနိမ့်နေချိန်မှာ လူစားလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ခဲ့ပေမယ့် အရန်ခုံတန်းမှာ နောက်တန်း ကစားသမားတွေသာ ရှိနေတာကြောင့် တိုက်စစ်ကို လိုသလို မြှင့်တင် ကစားခွင့် မရှိတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးအနေနဲ့ ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ ရလဒ်ကောင်းတွေ ရယူချင်ရင် လက်ကျန် နွေဈေးကွက် အတွင်းမှာ ကစားသမားသစ်တွေကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုကတော့ လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်ဟာ ချယ်လ်ဆီးရဲ့ ကစားသမား လိုအပ်ချက်ကို မီးမောင်းထိုးပြခဲ့သလို တူဟယ်လ်ရဲ့ ကစားသမားတွေကို နေရာအတည်တကျ မပေးပဲ ကစားခိုင်းမှုကြောင့် ရစ်စီဂျိမ်းစ် ၊ လော့ဖ်တပ်ချိတို့လို ကစားသမားတွေဟာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးလာကြောင်း ထောက်ပြထားကြပါတယ်။

Photo Credit: Daily Star

ဒါပေမယ့် တူဟယ်လ်ကတော့ သူတို့အသင်းအပေါ် ဝေဖန်မှုတွေကို လက်မခံခဲ့ပဲ သူတို့အသင်းဟာ လိဒ်ယူနိုက်တက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် တကယ်တမ်းမှာ ပိုကောင်းတဲ့ အသင်းက သူတို့အသင်းသာ ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တူဟယ်လ်က – “ပထမဦးဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ဒီပွဲရဲ့ ပထမ မိနစ် ၂၀မှာ ကျွန်တော်တို့က သူတို့အသင်းထက် ပိုကောင်းတဲ့ အသင်းဆိုတာ သိသိသာသာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့သလို ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာလည်း ဘောလုံးပိုင်ဆိုင်မှုတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အခွင့်အရေးတွေကို လွဲချော်ခဲ့သလို ကိုယ့်ရဲ့ ကောင်းမွန်နေတဲ့ ကစားဟန်ကိုလည်း ရပ်တန့်ပစ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့က ပြိုင်ဘက်ကို လက်ဆောင် ၂ခု ပေးခဲ့ပါတယ်။ အဲ့ဒီလိုမျိုး ပြိုင်ဘက်ကို အခွင့်အရေး ပေးလိုက်ရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲကြုံရတာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က ပိုကောင်းခဲ့တဲ့ အသင်းဆိုတာ သေချာပါတယ်။ လိဒ်ယူနိုက်တက်က သူတို့လုပ်ရမယ့် အရာကို လုပ်ဆောင်နိုင်ခဲ့ကြပေမယ့် ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။