ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ဗဟိုနောက်ခံလူ အာရူဟိုဆီ တိုက်ရိုက် ဖုန်းဆက်ကာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းလာဖို့ စည်းရုံးမှုတွေ လုပ်နေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

သောမတ်စ် တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ နိုင်ပွဲတွေ ဆက်တိုက် ရရှိနေပေမယ့် သူတို့ရဲ့ ခံစစ်ကြောင်းက ယိုယွင်းနေပြီး ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၁၃ပွဲ ကစားထားရာ ၁၄ဂိုး ခွင့်ပြုပေးထားရသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၅ပွဲ ကစားထားရာ ၆ဂိုး ခွင့်ပြုထားရပါတယ်။

Photo Credit: Goal

ဒါ့အပြင် ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ အဓိက ဗဟိုနောက်ခံလူတွေ ဖြစ်ကြတဲ့ ဒီလစ် ၊ ဆားလ် စတဲ့ ကစားသမားတွေကို ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် လက်လွှတ်ထားရသလို ဗဟိုနောက်ခံလူ အူပါမီကာနိုကလည်း မကြာခဏ ဒဏ်ရာရနေတာကြောင့် ကြံ့ခိုင်မှု မပြည့်ဝပါဘူး။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ ထိပ်တန်း ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူကာ အသင်းရဲ့ ခံစစ်ကြောင်းကို အားဖြည့်ဖို့ စီစဉ်နေကြပြီး ဘိုင်ယန်မြူးနစ်ရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ ဘာစီလိုနာနဲ့ ဥရုဂွေးတို့ရဲ့ အဓိက ဗဟိုနောက်ခံလူ အာရူဟိုပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၂၄နှစ် အရွယ် ဥရုဂွေးလက်ရွေးစင် ဗဟိုနောက်ခံလူ အာရူဟိုက လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ ၅ဦး စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူက ဗဟိုနောက်ခံလူ ဖြစ်ပေမယ့် လိုအပ်ရင် ညာနောက်ခံနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာပါ အကောင်းဆုံး ကစားနိုင်စွမ်း ရှိပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်က အာရူဟိုကို သူ့အသင်းဆီ ခေါ်ယူဖို့ အတော်လေး တက်ကြွနေပြီး တူဟယ်လ်က အာရူဟိုဆီ တိုက်ရိုက် ဖုန်းခေါ်ကာ စည်းရုံးမှုတွေ လုပ်နေသလို အာရူဟိုကသာ သူတို့အသင်းဆီ ပြောင်းဖို့ ခေါင်းညိတ်ခဲ့မယ် ဆိုရင် ဘိုင်ယန်မြူးနစ်ကလည်း အာရူဟို အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေဖို့ အဆင်သင့် ပြင်ထားကြောင်း သိရပါတယ်။