ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်က ယမန်နေ့ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘန်လေအသင်းဟာ ကံကောင်းလို့ သရေတမှတ် ရရှိသွားခဲ့တာ ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရက်ချ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးခဲ့တာကြောင့် တဖက်ကို သရေတမှတ်စီ ခွဲယူခဲ့ကြရပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်း အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၃မိနစ်မှာပဲ အထောင် တိုက်စစ်မှူး အဖြစ် ပွဲထွက်လာတဲ့ ကိုင်ဟားဗက်က ရစ်စီဂျိမ်းစ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘော ကနေ ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဦးဆောင်ဂိုး ရရှိပြီးနောက် ချယ်လ်ဆီးအသင်းက တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဂိုးကံခေနေတာကြောင့် နောက်ထပ် သွင်းဂိုးတွေ မရရှိခဲ့ပါဘူး။

အဲ့ဒီနောက် ပွဲကစားချိန် ၇၉မိနစ်မှာတော့ ဘန်လေအသင်းက အဖိုးတန် ချေပဂိုး ပြန်လည် ရရှိသွားပြီး မထင်မှတ်ထားတဲ့ တိုက်စစ်ဆင်မှု ကနေ ရိုဒရီဂွက်စ် ခေါင်းတိုက်ချပေးတာကို တိုက်စစ်မှူး ဗိုင်ဒရာက အပိုင် ပိတ်ကာ ချေပဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်က သရေတမှတ်ဟာ သူတို့အသင်းနဲ့ ထိုက်တန်တဲ့ ရလဒ်တခု မဟုတ်ကြောင်း ငြီးတွားသွားခဲ့ပြီး ဘန်လေအသင်းဟာ ရမှတ် ၁မှတ် ရရှိသွားခဲ့တဲ့ အတွက် အတော်လေး ကံကောင်းတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

တူချယ်က – “ ဒီနေ့ပွဲမှာ ဘန်လေအသင်းက အရမ်းကို ကံကောင်းခဲ့ပါတယ်။ ဒါက ဘောလုံးပွဲပါ။ ကျွန်တော်တို့တွေလည်း ဘရန့်ဖို့ဒ်နဲ့ပွဲမှာ သူတို့လိုပဲ ကံကောင်းခဲ့ပြီး ရမှတ် ၁မှတ် ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဘောလုံးပွဲတွေကို လူတွေက ကြိုက်ကြတာပေါ့။ မထင်မှတ်တာတွေက အမြဲတမ်း ဖြစ်တတ်တယ်လေ “ လို့ ပြောကြားသွားခဲ့တာပါ။