ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ဆိုးဆိုးရွှားရွှား ရှိလာခဲ့တဲ့နောက် အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ပါ အသင်းနဲ့ လမ်းခွဲဖွယ် ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန် တူဟယ်လ်က သူ့အနေနဲ့ လက်ရှိမှာ ပြသာနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသည့်တိုင်အောင် အသင်းမှာသာ ပျော်ရွှင်နေတာကြောင့် အသင်းမှာပဲ ဆက်လက်ရှိနေမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်နေတဲ့ ရုရှားနိုင်ငံရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်နဲ့ ဆက်စပ်နေသူများကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လာခဲ့ရာ ချယ်လ်ဆီးပိုင်ရှင် ရုရှားသူဌေးကြီး မိုဗစ်ချ်ပါ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပိတ်ဆို့အရေးယူမှုတွေကြောင့် ချယ်လ်ဆီးအသင်းဘက်က နစ်နာမှုတွေ ဆက်တိုက်ရင်ဆိုင်ရတော့မှာဖြစ်လို့ အသင်းနည်းပြ တူဟယ်လ်ပါ အသင်းနဲ့ လက်တွဲဖြုတ်လာနိုင်ဖွယ် ရှိနေသလို တူဟယ်လ်ကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းကပါ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။ ဒါပေမယ့် တူဟယ်လ်ကတော့ သူ့အနေနဲ့ ချယ်လ်ဆီးမှာသာ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Photo Credit : The Guardian

တူဟယ်လ်က “တကယ်တော့ ကျွန်တော် ဒါကို စိုးရိမ်နေသလားဆိုတာ မသေချာပေမယ့် နားလည်သဘောပေါက်ထားပါတယ်။ ဒါက နေ့တိုင်းလိုလိုကို ပြောင်းလဲနေတယ်။ ကျွန်တော် ဒီမှာ ရှိနေရတာကို ပျော်ရွှင်နေတုန်းပါပဲ။ တောင့်တင်းတဲ့ အသင်းတစ်သင်းရဲ့ နည်းပြတစ်ဦး ဖြစ်ခွင့်ရလို့ ေ့ပျာ်နေရတုန်းပါပဲ။ ပတ်ဝန်းကျင်တဝိုက်မှာ ဆူဆူညံ့ညံ့တွေ အများကြီး ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားအတွက် ကျွန်တော့်ဆီမှာ နောက်ထပ် အဖြေလည်း မရှိဘူး။ ကောင်းပြီ ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တွေအားလုံးနဲ့ အကုန်လုံးကို ရုန်းကန်နေရတာဆိုတော့ သက်သာရာရနေပြီ။ မနေ့ကနေ ဒီနေ့အထိ တော်တော်လေးကို ပြောင်းလဲသွားတယ်ဆိုပေမယ့် အဲ့ဒါက ကျွန်တော်တို့ကို မလွှမ်းမိုးနိုင်ပါဘူး။ လက်ရှိအချိန်မှာတော့ ဒါကို စီးပွားရေးအရ ပိတ်ဆို့တယ်လို့ မြင်မိတယ်။ ဘောလုံးအားကစားဘက်အရ ဆိုရင်လည်း အနည်းနဲ့အများ ကာကွယ်တယ်ပဲ ဆိုပါစို့။ ဒါပေမယ့် ဆက်ပြီး စောင့်ကြည့်ရပါမယ်။ လူတိုင်းက ကျွန်တော်တို့ကို အာရုံစိုက်နေကြတာတော့ သေချာတယ်။ ကျွန်တော်တို့ကလည်း အသင်းအတွင်းမှာ လေ့ကျင့်ရေး ကွင်းအတွင်းမှာပါ စိတ်သဘောထား မှန်ကန်နေဖို့ လိုပါတယ်။ အခုချိ်န်ထိလည်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိနေပြီး ဒါကလည်း ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဂျာစီအလုံအလောက်နဲ့ ပြိုင်ပွဲတွေစီ သွားရောက်ဖို့ ဘတ်စ်ကားတစ်စီး ရှိနေသမျှ ကျွန်တော်တို့ ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်သွားမှာပါ” လို့ အတိအလင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။