ပြင်သစ်လီဂူဝမ်း ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ပွဲစဉ်အချိန်ဇယားတွေက ကစားသမားတွေ ကို အသေသတ်နေသလိုပဲလို့ လိုင်လီနဲ့ ပွဲအပြီးမှာ ပေါက်ကွဲပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်း အနေနဲ့ မနေ့ညက ဇယားရဲ့ထိပ်ဆုံးမှာ ရှိနေတဲ့ လိုင်လီ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးတော့ ဘောလုံးပိုင်ဆိုင်မှုအရ အသာစီးရယူနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက အားနည်းခဲ့တာကြောင့် သွင်းဂိုးတွေ မရယူနိုင်ခဲ့ပဲနဲ့ ဂိုးမရှိ သရေ ရလဒ်နဲ့ သာ အဆုံးသတ်ခဲ့ရပါတယ်။ အဆိုပါ သရေပွဲစဉ်ကြောင့် လိုင်လီ အသင်းအနေနဲ့ ဇယားထိပ်မှာ လိုင်ယွန် အသင်းနဲ့ အမှတ်တူ ဂိုးကွာဟချက် အသာနဲ့ အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်သွားနိုင်ခဲ့ပြီးတော့ ပီအက်စ်ဂျီ အသင်းကတော့ အဆင့် ၃ နေရာမှာ ရောက်ရှိခဲ့ရပါတယ်။

Photo Credit: Yahoo Sports

ဒါ့အပြင် ပီအက်စ်ဂျီ အသင်းအတွက် ပိုမိုအခက်တွေ့စေမယ့် သတင်းကတော့ ပရက်စ်နယ် ကင်ပန်ဘေး၊ အလက်စ်စန်ဒရို ဖလောရမ်ဇီ နဲ့ လေးဗင် ကာဇာဝါ စတဲ့ ကစားသမားသုံးဦးဟာလည်း ပီအက်စ်ဂျီ နဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့ကြပြန်ပါတယ်။ အဆိုပါ ကစားသမား သုံးဦးစလုံးရဲ့ ဒဏ်ရာပြဿနာ ဟာ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာ မသိရှိရသေးပေမယ့် ပွဲစဉ်အချို့ကို လွဲချော်မှာတော့ အသေအချာပါပဲ။ သောမတ်စ် တူချယ် အနေနဲ့ တိုက်စစ်ပိုင်းက နေမာ နဲ့ မော်ရို အီကာဒီ တို့ကို လက်လွှတ်ထားရသလို အခုလည်း ခံစစ် ကစားသမား တစ်ဦး နဲ့ ကွင်းလယ် ကစားသမား နှစ်ဦး တို့က ဒဏ်ရာ ရရှိသွားတာကြောင့် အတော်လေး ကြပ်တည်းသွားမယ့် အခြေအနေ မျိုးမှာ ရှိနေပါတယ်။ ဒါ့အပြင် ပွဲကစားချိန် ၇၇ မိနစ်လောက်မှာ လူစားဝင်ရောက် ကစားတဲ့ အမ်ဘာပေး ဟာလည်း အပြည့်အဝ မကြံ့ခိုင်သေးတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။

Photo Credit: Yahoo Sports

နည်းပြ တူချယ် ကတော့ အခုလို ကစားသမား အများအပြား ဒဏ်ရာပြဿနာ ရင်ဆိုင်နေရတာနဲ့ ပတ်သက်ပြီး လိုင်လီ နဲ့ ပွဲစဉ်အပြီးမှာ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော့် ထင်မြင်ချက်ကို ခင်ဗျား သိပြီးသားပါ။ ကျွန်တော်တို့က ကစားသမားတွေကို အသေသတ်နေသလို ဖြစ်နေပြီ။ ကျွန်တော်တို့ အနေနဲ့ ညနေခင်း ၉ နာရီမှာ အမြဲတမ်း ကစားရတယ်။ စားဖို့၊ အိပ်ဖို့၊ ပြန်လည်သက်သာလာဖို့ အတွက် ကျွန်တော်တို့ရဲ့ အချိန်တွေက လုံးဝ မမှန်တော့ပါဘူး။ ဒါပေမယ့် အဲ့ဒါက ဒီအတိုင်း ဆက်ဖြစ်နေတုန်းပဲ။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ နေမာ၊ ကီလီယန်၊ မော်ရို နဲ့ ဘားနတ် တို့ကို လွဲချော်ရတယ်။ ကျွန်တော်တို့ အံ့ဩမိသလား ? နိုး မအံ့ဩမိပါဘူး။ အခုလည်း နောက်ထပ် ကစားသမား သုံးဦး ဒဏ်ရာ ရပြန်ပြီ။ အတော်လေး တရားကျဖို့ကောင်းပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။