MySport Myanmar

ဘိုင်ယန်က ဆုဖလားတွေ အားလုံးကို ရယူနိုင်စွမ်း ရှိတယ်လို့ ကြွေးကြော်ခဲ့တဲ့ တူဟယ်လ်

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်က သူ့ရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဆုဖလားတွေ အားလုံးကို ရယူနိုင်စွမ်း ရှိကြောင်း ဘိုင်ယန်မြူးနစ် နည်းပြဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က နည်းပြတဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ နည်းပြ နစ်ဂယ်စမန်းကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် သောမတ်စ် တူဟယ်လ်ကို ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူ ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အသက် ၄၉နှစ် အရွယ် ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ သောမတ်စ် တူဟယ်လ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပေမယ့် တူဟယ်လ်ဟာ ရလဒ်တွေ ဆိုးဝါးခဲ့တာကြောင့် ချယ်လ်ဆီးကနေ ထုတ်ပယ်ခံရတာ မဟုတ်ပဲ အသင်းပိုင်ရှင်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့်သာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

တူဟယ်လ်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ၁ကြိမ် ရရှိခဲ့ဖူးသလို ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ၊ ကမ္ဘာ့ကလပ်ဖလား ၊ ဥရောပစူပါဖလား စတဲ့ အထင်ကရ ဆုဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ကာ ဘွန်ဒက်လီဂါ အတွေ့အကြုံလည်း ရှိတာကြောင့် ဘိုင်ယန်မြူးနစ်က နစ်ဂယ်စမန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် တူဟယ်လ်ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

တူဟယ်လ်က မနက်ဖြန်မှ စတင်ကာ ဘိုင်ယန်မြူးနစ်ကို စတင် ကိုင်တွယ်တော့မှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် နည်းပြဘဝ ပထမဦးဆုံး အင်တာဗျူးမှာတော့ တူဟယ်လ်က သူ့ရဲ့ အသင်းဟာ ဆုဖလားတွေ အားလုံးကို ရယူနိုင်စွမ်း ရှိကြောင်း ဆိုလာပါတယ်။

တူဟယ်လ်က – “ကျွန်တော်တို့အသင်းက ဆုဖလားတွေ အကုန်လုံးကို ရယူနိုင်ပါတယ်။ အရာအားလုံးက လျင်လျင်မြန်မြန်ပဲ ဖြစ်သွားခဲ့တာပါ။ ဒီလိုအချိန်ကြီးမှာ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြရာထူးကို ရခဲ့လို့ အတော်လေး အံ့ဩနေရပါတယ်။ ကျွန်တော်တို့က ဒီရာထူး အတွက် ကြိုတင် ဆွေးနွေးခဲ့တာမျိုး မရှိပါဘူး။ ကျွန်တော်က နိုင်ငံခြားအသင်းတွေကိုပဲ ဆက်ပြီး ကိုင်တွယ်နေရဦးမယ်လို့ ထင်မိခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version