ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်လ် ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၈) အဖြစ် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ကံကောင်းလို့ အနိုင်ရခဲ့တာ ဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၈) အဖြစ် တန်းတက် ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခြေစွမ်းပိုင်း အားနည်းခဲ့ပေမယ့် ဘယ်နောက်ခံလူ ချီဝဲလ်ရဲ့ အဖိုးတန် အနိုင်ဂိုးကြောင့် ရမှတ် ၃မှတ် ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ဘရန့်ဖို့ဒ်အသင်းဟာ ယခုမှ ပရီးမီးယားလိဂ်ဆီ တန်းတက်လာတာ ဖြစ်ပေမယ့် အာဆင်နယ်အသင်းကို အနိုင်ကစားထားသလို လီဗာပူးအသင်းကိုလည်း သရေရရှိအောင် ကစားထားနိုင်တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲကို ရှိန်နေတာမျိုး မရှိပဲ ချယ်လ်ဆီးအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၁၇ကြိမ် အထိ ရှိခဲ့ပြီး ၇ကြိမ် ဂိုးပေါက်တည့်ခဲ့ကာ ချယ်လ်ဆီးအသင်း ကတော့ ဂိုးပေါက်ကန်သွင်းမှု ၅ကြိမ်သာ ရှိခဲ့ပြီး ၂ကြိမ် ဂိုးပေါက်တည့်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းက အတော်လေး နိမ့်ပါးခဲ့တာကို မြင်တွေ့ရပါတယ်။

Photo Credit: Sky Sports

ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ တူချယ်လ်က သူတို့အသင်းဟာ ကံကောင်းလွန်းလို့သာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တာ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပြီး သူတို့အသင်းဟာ ယုံကြည်မှု ရှိဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တူချယ်လ်က – “ကျွန်တော်တို့ မိနစ် ၇၀ ကောင်းခဲ့ပြီး လက်ကျန် မိနစ် ၂၀မှာတော့ အရမ်း ကံကောင်းခဲ့တယ် လို့ ပြောရမှာပါ။ နောက်ဆုံးမိနစ် ၂၀က ဖလားလုပွဲ တခုလို ဖြစ်ခဲ့ပါတယ်။ သူတို့က ရှုံးစရာ မရှိတော့တဲ့ အသင်းတသင်းလို ဖြစ်သွားပြီး အရှိန်အဟုန်ကောင်း တခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကတော့ ကစားသမား တယောက် ဆုံးရှုံးထားတဲ့ အသင်းတသင်းလို ဖြစ်နေပါတယ်။ ကျွန်တော်တို့တွေ ဘောလုံးကို ရင်ဆိုင်လုတိုင်း အနိုင်မရခဲ့ပါဘူး။ သူတို့က ယုံကြည်မှု ပြည့်ဝနေပြီး ကျွန်တော်တို့ ကတော့ ခံစစ်ပိုင်းကိုပဲ အာရုံစိုက်ခဲ့ရပါတယ်” လို့ ဝန်ခံခဲ့တာပါ။