MySport Myanmar

စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲကြောင့် အိပ်လို့တောင် မပျော်ဘူးလို့ တူဟယ်လ် ဆို

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က မန်ချက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ရှိနေတာကြောင့် သူ့မှာ သေချာတောင် အိပ်မပျော်ဘူးလို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘိုင်ယန်အသင်းဟာ ဒီကနေ့ညမှာပဲ Etihad မှာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ မန်စီးတီးက နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ (၈)ပွဲအတွင်း တောက်လျှောက် အနိုင်ရထားကာ form အလွန် ကောင်းမွန်နေပါတယ်။ တူဟယ်လ်က ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ဆုံထားခဲ့ရပြီး အဲ့ဒီအချိန်တုန်းကတော့ တူဟယ်လ်က ဂွာဒီယိုလာကို အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အခု ထပ်မံ ရင်ဆိုင်ရမယ့် ပွဲစဉ်က ပိုမို ခက်ခဲနိုင်တယ်လို့ တူဟယ်လ်က သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

“ကျွန်တော် စောစောလေး အိပ်ဖို့ ကြိုးစားရလိမ့်မယ်။ အိပ်ပျော်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အကောင်းဆုံး ပြင်ဆင်မှုက အိပ်စက်ခြင်း ဖြစ်သော်လည်း တစ်ခါတစ်ရံမှာ အကြောင်းအရာများကို တွေးတောနေတဲ့အခါမျိုးတွေမှာ အိပ်ပျော်နိုင်ဖို့က ခက်ခဲပါတယ်။ ဒီမနက်ခင်းမှာလည်း အစောကြီး နိုးနေရလို့ လေ့ကျင့်ရေးကွင်းဆီကိုပဲ သွားလိုက်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ပြန်အိပ်မရနိုင်တော့ပဲ မန်စီးတီးနဲ့ ပွဲအကြောင်းကိုပဲ ဆက်တိုက် တွေးနေမိရလို့” ဆိုပြီး တူဟယ်လ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆက်လက်ပြီး တူဟယ်လ်က မန်စီးတီးရဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းနဲ့ ပတ်သတ်ပြီးတော့လည်း “ဟာလန်းရဲ့ ကစားပုံက အရမ်းကို ထူးခြား ကောင်းမွန်ပြီး စီးတီးဘက်ကလည်း သူ့အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ထားပေးပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း စီးတီးအသင်း မပိုင်ဖူးသေးတဲ့ အရာတွေကိုလည်း သူက ပေးစွမ်းနေပါတယ်။ ဟာလန်းကို ဟန့်တားဖို့အတွက် ကျွန်တော်တို့တွေ အသင်းလိုက် စုစုစည်းစည်း လုပ်ဆောင်ရပါမယ်။ အခု ကျွန်တော်တို့အသင်းက underdog ဖြစ်နေရရတယ် ဆိုပေမယ့်လည်း ဒါက အဆင်ပြေပါတယ်။ ကျွန်တော်တို့ ယုံကြည်မှု ရှိနေဖို့ ပွဲတွေမှာ ထိပ်ဆုံးအဆင့် ရှိနေရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version