ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် သူတို့အသင်းဟာ ရှုံးပွဲနဲ့ ထိုက်တန်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

လန်ဒန်မြို့ခံပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က ဖလော်ရီဒါ ဖိတ်ခေါ်ဖလားပွဲစဉ် အဖြစ် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အာဆင်နယ်က ကစားပုံ အသာစီးနဲ့အတူ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် ချေမှုန်းသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးရဲ့ ကစားပုံက အတော်လေး ဆိုးရွားခဲ့ပြီး ကစားသမား အများစုက အသင်းလိုက်ထက် တဦးချင်းသာ ကစားနေခဲ့ကြကာ ကစားသမားသစ်တွေ ဖြစ်တဲ့ စတာလင်း ၊ ကူလီဘလီတို့ကသာ ပုံမှန် ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က သူတို့အသင်းဟာ အာဆင်နယ်ကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံသွားခဲ့သလို အသင်းရဲ့ ကစားသမား အများစုက အသင်းပြောင်းဖို့ တွေးတောနေကြတာကြောင့် အသင်းအနေနဲ့ ကစားသမားသစ် များစွာ ထပ်မံ ခေါ်ယူရန် လိုအပ်နေသေးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

တူဟယ်လ်က – “ကျွန်တော်ကတော့ ဒီပွဲမှာ ကျွန်တော်တို့ အသင်းဟာ ရှုံးပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ မြင်ပါတယ်။ ဒါက အရှင်းဆုံး ပြောတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ ခြေစွမ်းတွေက လုံလောက်အောင် မကောင်းခဲ့ကြလို့ပါ။ ဒီနေ့ပွဲ အတွက် စိုးရိမ်မိတဲ့ အချက်တခုက ကျွန်တော်တို့ဟာ အာဆင်နယ်ကို စိတ်ဓာတ်ပိုင်းရော ၊ ကြံ့ခိုင်မှုအပိုင်းမှာပါ မယှဉ်နိုင်ခဲ့တာပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။